ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒု ဥက္ကဌ စည်းလုံးညီညွတ်ရေး တိုက်တွန်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေ နဲ့ ပြည်သူတွေအမြင်လွဲစေမယ့် အလုပ်တွေ ကို ရှောင်ရှားပြီး ပါတီတွင်း စည်းလုံးညီညွှတ်မှု ရှိအောင် ကြိုးစားကြဖို့အတွက် ပါတီ ဒုတိယဥက္ကဌ ဦးဌေးဦး က တိုက်တွန်းပြောကြားလိုက် ပါတယ်။

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာ သြဂုတ်လ ၅ ရက်နေ့က တိုင်းဒေသကြီး ညီလာခံပြုလုပ်စဉ် Photo: Kyaw Lwin Oo/RFA

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ပြည်သူတွေအမြင်လွဲစေမယ့်အလုပ်တွေကို ရှောင်ရှားပြီး ပါတီတွင်း စည်းလုံးညီညွှတ်မှုရှိအောင် ကြိုးစားကြဖို့အတွက် ပါတီဒုတိယဥက္ကဌ ဦးဌေးဦး က တိုက်တွန်းပြောကြား လိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာပြုလုပ်တဲ့ တိုင်းဒေသကြီး ညီလာခံ အခမ်းအနားမှာ ပါတီဒုတိယဥက္ကဌ ဦးဌေးဦး က ပြောကြားလိုက်တာဖြစ်ပါတယ်။

"ရတဲ့နေရာ ကျတဲ့တာဝန်ကနေပြီးတော့မှ ကျနော်တို့တွေ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ် ဆောင်ရွက် ကြဖို့လိုတယ်၊ ဒါ့ကြောင့်အရေးကြီးတာကတော့ ဘာပဲလုပ်လုပ် စည်းလုံးညီညွတ်မှုကို မပျက်ပါနဲ့၊ ပါတီတွင်းစည်းလုံးညီညွတ်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပါ၊ ဒုတိယတာဝန်ဖြစ်တဲ့ ပြည်သူတွေပါ ကိုယ်လုပ်သလိုပါလာအောင် ဆိုလို့ရှိရင် ပြည်သူအမြင်စောင်းတဲ့ကိစ္စမျိုးတွေလည်း ကျနော်တို့ မလုပ်မိဖို့လိုတယ်၊ ဒီစည်းလုံးညီညွတ်မှု၊ ပါတီတွင်း စည်းလုံးညီညွတ်မှု၊ လူထုတွင်းစည်းရုံးမှု ဒီဥစ္စာတွေကို ပိုပြီးခိုင်မာအောင် ကျနော်တို့တွေ လုပ်နိုင်ကြမယ်လို့ ကျနော့်အနေနဲ့ ယုံပါတယ်၊ ကျနော်တို့လည်း ဒီအတိုင်းပဲ ကြိုးစားပါ့မယ်"

ညီလာခံကနေ ရန်ကုန်တိုင်းအဆင့် ပါတီဗဟိုကော်မတီဝင် ၁၅ ဦး၊ အရံကော်မတီဝင် ၁၅ ဦး တို့ကို ရွေးချယ်လိုက် ပါတယ်။ ရန်ကုန်တိုင်းဥက္ကဌအဖြစ် လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီးဟောင်း ဦးခင်မောင်စိုးအပါအဝင် ၃ ဦးနဲ့ အတွင်းရေး မှူး ၃ ဦးတို့ကို ရွေးချယ်ပြီး အဲဒီအထဲက နောက်ဆုံးအဆင့်ရွေးချယ်ပေးဖို့ ပါတီဗဟိုကိုတင်ပြဖို့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုညီလာခံကို လာမယ့်သြဂုတ်လ ၂၀ ရက်နေ့ဝန်းကျင် မှာ နေပြည်တော် ပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်မှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် ပါတီဥက္ကဌ၊ အတွင်းရေးမှူးတွေကို ရွေးချယ်မှာဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကို ပါတီဒုတိယဥက္ကဌ ဦးဌေးဦး၊ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုကော်မတီဝင် ဖြစ်တဲ့ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းအတွင်းရေးမှူး ဦးသာဝင်း၊ နာယက ဦးခင်မောင်စိုးနဲ့ ရန်ကုန်တိုင်းဗဟိုကော်မတီ ဝင်တွေအပြင် ပါတီဝင်ပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

 

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org