ရန်ကုန်မြို့နယ် ၆ ခုမှာ လေထုညစ်ညမ်းမှု သတ်မှတ်ချက်ကျော်လွန်

ရန်ကုန်မြို့ မြို့နယ် ၆ ခုက နေရာ ၉ ခုမှာပြုလုပ်ခဲ့တဲ့ လေထုညစ်ညမ်းမှု အခြေအနေ တိုင်းတာချက်အရ အဲဒီနေရာ ၉ ခုလုံးက လေထုညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော်လွန်နေတယ် စိမ်းလန်းအမိမြေအသင်းရဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

ကားပိတ်နေတဲ့ ရန်ကုန်မြို့က အနော်ရထာလမ်းမကို တွေ့ရစဉ်

ရန်ကုန်မြို့ မြို့နယ် ၆ ခုက နေရာ ၉ ခုမှာပြုလုပ်ခဲ့တဲ့ လေထုညစ်ညမ်းမှု အခြေအနေတိုင်းတာချက်အရ အဲဒီနေရာ ၉ ခုလုံးက လေထုညစ်ညမ်းမှုတွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO ရဲ့ စံသတ်မှတ်ချက်တွေထက် ကျော် လွန်နေတယ် စိမ်းလန်းအမိမြေအသင်းရဲ့ သုတေသနစာတမ်းအရ သိရပါတယ်။

အဲ့ဒီ ၉ နေရာထဲမှာမှ ကြည့်မြင်တိုင်မြို့နယ်က လေထုညစ်ညမ်းမှု အများဆုံးနေရာလို့ စိမ်းလန်းအမိမြေအသင်းရဲ့ ဥက္ကဌ ဦးဝင်းမျိုးသူက ပြောပါတယ်။

"ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေတွေကို ဆရာတို့ အကြမ်းဖျင်း တိုင်းထားတာရှိတယ်။ လက်ရှိရတဲ့အချက်အရဆိုရင်တော့ နေ့လယ် ၈ နာရီ ပျမ်းမျှအရဆိုရင်တော့ ရန်ကုန်မြို့ရဲ့ လေထုက ညစ်ညမ်းနေတယ်ပေါ့။ ဆရာတို့ တိုင်းတဲ့နေရာတွေက ညစ်ညမ်းနေတာများတယ်ပေါ့။ မြို့ထဲပိုင်းတွေ များတယ်။ မြေနီကုန်းတို့၊ မြို့ထဲတို့ ဘုရင့်နောင်တို့ အစရှိသည်ဖြင့်ပေါ့။ ကြည့်မြင်တိုင် ကတော့ တော်တော်ညစ်ညမ်းတဲ့အထဲပါတယ်။"

လေထုညစ်ညမ်းမှု တိုင်းတာချက်တွေကို စက်မှုဇုန်လိုနေရာတွေ၊ လူနေထူထပ်ပြီး ယာဉ်ကြောသွားလာမှုများတဲ့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေလမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ စမ်းသပ်တိုင်းတာခဲ့တာဖြစ်ပါတယ်။

အဲဒီနေရာတွေမှာ လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက် ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက် စတဲ့ ဓာတ်ငွေ့တွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ထားတဲ့ စံနုန်းထက် မြင့်မားနေတာဖြစ်တယ်လို့ သုတေသနစာတမ်းအရ သိရပါတယ်။

အရည်သွေးနိမ့်တဲ့ ဒီဇယ်ဆီတွေကို အသုံးပြုမောင်းနှင်တာကြောင့် ထွက်လာတဲ့ ကားမီးခိုးငွေ့တွေ၊ စက်မှုဇုန်တွေက ထွက်လာတဲ့ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေတာလို့လည်း ဦးဝင်းမျိုးသူက ပြောပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပေါ်ခံစားနိုင်တဲ့အတွက် ပြည်သူ့ ကျန်းမာရေးကဏ္ဍအနေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

အဲဒီသုသေတန စမ်းသပ်ချက်တွေကို ၂၀၁၆ ခုနှစ် စက်တင်ဘာနဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှာ လုပ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org