ရေစကြို ရေလယ်ကျွန်းက နေအိမ် ၂၀ ခန့် မီးရှို့ခံရ

2022.02.28
ရေစကြို ရေလယ်ကျွန်းက နေအိမ် ၂၀ ခန့် မီးရှို့ခံရ မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းက ရွာလေးရွာ မီးရှို့ခံထားရတာကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Yay Lal Kyun News

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းမှာရှိတဲ့ နွယ်နီ၊ ကျွန်းညို၊ နဘေး၊ ခြံယာ စတဲ့ ရွာလေးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာ ပြီးနောက် နေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်မီးရှို့ခံခဲ့ရတဲ့ ကျေးရွာသားတွေအတွက် နေထိုင်ရေး အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အလုံး ၂၀ လောက်တော့ ရှိတယ်ဗျ။ တကယ့် အိမ်ကြီးတွေ ပါသွားတာ။ အိမ်ကြီးတွေ ရော၊ သူ့ဘေးက အိမ်သေးသေးလေးရော၊ ကျွန်တော်တို့ လိုက်ရေတွက်ထားတာဗျ။ လက်ရှိရွာက လူတွေ နေစရာ မရှိတော့ဘူး။ သူ့အိမ်ဝိုင်းထဲ သူ့မီးရှို့ခံထားရတဲ့ အိမ် ဘေးလေးမှာ ကျွန်တော်တို့ စီစဉ်ပေးနေတယ်ဗျ။ မနက် ကျွန်တော်သွားတာ ငိုယို နေကြတာပဲဗျာ"

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေအိမ် သုံးလုံး မီးရှို့ခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်လောက်မှာ ထပ်မံမီးရှို့ခံရတာလို့ ပြောပါတယ်။

PDF အဖွဲ့အချို့က စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဆီသင်္ဘောကို တားဆီးစစ်ဆေးပြီး ထိန်းသိမ်းလိုက်ရာကနေ ရေလယ်ကျွန်းပေါ်က နေအိမ်တွေ အခုလို မီးရှို့ခံရတာလို့ ဆိုပါတယ်။

နေအိမ်တွေအပြင် ထော်လာဂျီတွေ၊ ဆီပေပါတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေပါ မီးထဲပါ သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။