ရေနံချောင်းမှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

RFA Burmese
2024.07.29
ရေနံချောင်းမှာ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံး၊ လေးဦး ဒဏ်ရာရ ရေနံချောင်းမြို့တစ်နေရာအား ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မကွေးတိုင်း ရေနံချောင်းမြို့နယ် ကုက္ကိုခွကျေးရွာအုပ်စုအတွင်းကို ဇူလိုင်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေနံချောင်းမြို့အခြေစိုက် ခလရ-၇၇ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အားလေးဆယ်ခန့်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့လို့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးသေဆုံးပြီး အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသားလေးဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုစံရှားက ပြောပါတယ်။

“တိုက်ပွဲဖြစ်တာ မရှိဘဲ သူတို့က ၄၀ မမ၊ ၆၀ မမ နဲ့ အားလုံးပေါင်း ငါးလုံးပစ်တာဗျ။ အဓိက ကတော့ သူတို့ PDF စခန်း ရှိတယ်လို့ ယူဆပြီး ပစ်တာလား၊ စစ်ဘေးဒုက္ခသည်စခန်း ရှိတယ်လို့ ယူဆပြီး ပစ်တာလား မပြောတတ်ဘူး။ ကျွန်တော်တို့ အထင်ကတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တာလို့ ထင်တယ်”

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ကုက္ကိုခွ ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကန်လေးကုန်းရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သား တွေက ပစ်သတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၂၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ငါးထောင်ကျော် (၅၄၅၃ ဦး) သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။