INGO ဝန်ထမ်းတစ်ဦး သေနတ်နဲ့ ပစ်ခတ် ခံရပြီး အမှုဖွင့်ခံရ


2019.07.29
yelinnaing-ingo-622.jpg မြောက်ဦးမှာ သေနတ်ကျည်မှန်ခဲ့တဲ့ ကိုရဲလင်းနိုင် ကို ၂ဝ၁၉ ဇူလိုင် ၂၉ ရက်နေ့က စစ်တွေဆေးရုံ ပို့ဆောင်စဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်မှာ မနေ့က တပ်မတော်က ပစ်ခတ်လို့ အသက် ၂၅ နှစ်အရွယ် INGO ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို ဒီနေ့ အရေးပေါ် ပို့ဆောင်ထားရပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုင်ကယ်ရပ်ခိုင်းတာကို မရပ်လို့ ခြောက်လှန့် ပစ်ခတ်ရာကနေ ထိမှန်သွားတာလို့ RFA ကို ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကိုရဲလင်းနိုင်ဟာ နိုင်ငံတကာလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Plan International အဖွဲ့ရဲ့ ဒေသဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။

သူဟာ မင်းပြားမြို့နယ် ရွှေတမာကျေးရွာကဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပင် Plan International အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာဖြစ်တယ်လို့ မိသားစုကပြောပါတယ်။

မနေ့ကည ၇ နာရီလောက်မှာ တပ်မတော်စစ်ကြောင်း လုံခြုံရေးယူထားတဲ့ ကျောက်ရစ်ကေ ရပ်ကွက်လမ်းကနေ ဆိုင်ကယ်မောင်းလာရာမှာ တပ်မတော်က ပစ်ခတ်လိုက်တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲကာလ တစ်လျှောက် INGO ဝန်ထမ်းတစ်ဦး ပထမဆုံးအကြိမ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

ပစ်ခတ်ခံရတဲ့နေရာအနီးမှာရှိနေတဲ့ မျက်မြင်တစ်ဦးက ကိုရဲလင်းနိုင်ဟာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ အတွက် တပ်မတော်သားတွေက လှမ်းခေါ်လို့ အရှိန်လွန်ပြီးမှ နောက်လှည့်ဖို့ကြိုးစားရာမှာ ပစ်ခတ်ခံရတာလို့ ပြောပါတယ်။

သူကပြန်လှည့်လာဖို့ အလုပ်မှာ သူတို့က ပစ်လိုက်တာပေါ့

"ဆိုင်ကယ်က အရှိန်ခပ်များများနဲ့ မောင်းလာတဲ့အခါကျတော့ ပြန်ပြီးတော့ ဘရိတ်အုပ်တဲ့အခါမှာ သူက အရမ်းဇွတ်ကြီး အုပ်လိုက်လို့မရဘူးလေ။ မှောက်လဲသွားမှာဆိုတော့ ဘရိတ် အုပ်ရင်း အုပ်ရင်းနဲ့ အရှိန်ပြင်းနေတော့ ရှေ့ကိုနည်းနည်း ကျော်သွားတယ်။ ကျော်သွားတော့ သူကပြန်လှည့်လာဖို့ အလုပ်မှာ သူတို့က ပစ်လိုက်တာပေါ့"

မျက်မြင်သက်သေက သူ့ရဲ့လုံခြုံရေးကို စိုးရိမ်လို့ဆိုပြီး သူ့ရဲ့နာမည်ကို ဖော်ပြခွင့်မပြုပါဘူး။

ကိုရဲလင်းနိုင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီးနောက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ကပဲ မြောက်ဦးဆေးရုံကို မနေ့ညက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

သေနတ်ကျည်ကြောင့် ကိုရဲလင်းနိုင်ရဲ့ အဆုတ်နဲ့ နှလုံးသွေးကြောတွေကိုပါ ထိခိုက်သွားတာကြောင့် စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ မိသားစုကပြောပါတယ်။

ကိုရဲလင်းနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က ဒီနေ့မနက်က စစ်တွေမြို့မှာ သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"တပ်မတော်သားတစ်ဦးက တော်တော် ကံကောင်းသွားတယ်တဲ့။ အဲလိုပြောတယ်။ ဘာဖြစ်လို့လဲဆိုပြီး ပြန်မေးတော့ ကျွန်တော်တို့က ရပ်၊ ရပ် ပြောပေမယ့် မရပ်လို့ ပစ်လိုက်ရတာလို့ ပြောတယ်။ ဒဏ်ရာကတော့ တော်တော်စိုးရိမ်ရပါတယ်။ မြောက်ဦးက ဆရာဝန်က စိုးရိမ်ရတယ်ဆိုပြီး စစ်တွေဆေးရုံကို ပို့လိုက်တာပါ"

ကိုရဲလင်းနိုင်ကို ဒီနေ့မနက်က စစ်တွေဆေးရုံကြီးကို မပို့ခင် ရဲတပ်ဖွဲ့၊ တရားသူကြီးတွေကို ဆေးရုံကိုခေါ်ယူပြီးတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မိသားစုကပြောပါတယ်။

ဒါပေမဲ့ ဘာကြောင့် အမှုဖွင့်တယ်ဆိုတာကို တိတိကျကျ အသိပေးပြောဆိုတာမရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုရဲလင်းနိုင်ရဲ့ အဖေ ဦးသာချမ်းအောင်က အခုလိုပြောပါတယ်။

"အကြမ်းဖက်နဲ့ဖွင့်ထားတယ်လို့ပြောတယ်။ ပြောတာကတော့ တရားသူကြီးကပြောတာ။ တရားသူကြီးက ရမန် ၁၂ ရက် ပေးလိုက်တယ်။ ဒီကိုလာဖို့အတွက် ရဲကလုံခြုံရေး ၆ ယောက် ပေးလိုက်တယ်။ ပုဒ်မတွေဘာတွေတော့ ကျွန်တော်မသိဘူး"

ဒဏ်ရာရထားတဲ့ ရဲလင်းနိုင်ကို ရဲတပ်ဖွဲ့လုံခြုံရေးတွေယူပြီး အချုပ်သားလူနာအဖြစ် စစ်တွေဆေးရုံကြီးကို ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

ကိုရဲလင်းနိုင် ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခက -

AA ပြောခွင့်ရသူ ခိုင်သုခ"အကြမ်းဖက်ခံရတဲ့လူကို အကြမ်းဖက်တဲ့လူကနေပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတယ်ဆိုတဲ့ဥစ္စာက ဒါတော်တော်လေးကို တိုင်းပြည်မှာ ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပဲဗျ။ တရားဥပဒေဟာ ဘယ်လောက်အထိ ဆိုးဆိုးဝါးဝါး ပြောင်းပြန်တွေဖြစ်နေသလဲ၊ တရားရေးရာဟာ ဘယ်လောက်အထိ ပျက်စီးနေပြီလဲဆိုတဲ့ဥစ္စာဟာ ဒီဟာတွေက ဖော်ပြနေတယ်လို့ ကျွန်တော်က အဲလိုပဲပြောချင်တယ်ဗျ။ အဲဒီနေရာမှာ ပြည်သူလူထု တွေ အများကြီးရှိတယ်။ ဒါဟာ မြောက်ဦးမြို့ထဲမှာ ဒါစစ်မြေပြင် မဟုတ်ဘူး။ သူတို့က တွေ့သမျှလူကို အကုန်လုံးကို ရန်သူလို့ သတ်မှတ်လိုက်ပြီဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ အဲဒါကြောင့်မို့လို့ ဗမာပြည်ဟာ နိုင်ငံတကာအလယ်မှာ ဘယ်သူမှကို သူတို့ပြောတာ ကို အယုံအကြည်မရှိဘူးဖြစ်နေတာ ဒီဟာကြောင့်ပဲ"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အခုလိုပြောဆိုပါတယ်။

"ခြောက်လှန့်ပြီးတော့မှ ဟန့်တားလိုက်တဲ့အခါမှာ ဒီကောင်လေးကို မှန်သွားတယ်။ တစ်ချက်မှန်သွား တယ်။ မှန်သွားတဲ့အခါမှာ ကျွန်တော်တို့က ဆက်လိုက်တယ်။ ဆက်လိုက်တော့ ဒီကောင်လေးဆီက ဘာရလဲဆိုလို့ရှိရင် လက်ပစ်ဗုံးရတယ်၊ လပ်တော့ပ်တစ်လုံးရတယ်။ လပ်တော့ပ်ကတော့ စစ်တော့ စစ်နေပြီပေါ့။ အေအေနဲ့ ဆက်စပ်မှု ရှိသလား၊ မရှိဘူးလား ဒါကတော့ စစ်တဲ့အပေါ်မှာ မူတည်ပြီး တွေ့လိမ့်မယ်။ လက်ပူးလက်ကြပ် မိတာက သူ့ရဲ့ဆိုင်ကယ်တူးဘောက်စ်ထဲကနေပြီးတော့မှ လက်ပစ်ဗုံးတွေ့တယ်။ ဒါကြောင့်မို့လို့ လက်ပစ်ဗုံး တွေ့တဲ့အတွက်ကြောင့်မို့လို့ သူ့ကိုကျွန်တော်တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခြင်းဖြစ်တယ်"

ကိုရဲလင်းနိုင်ရဲ့မိသားစုဝင်တွေကတော့ လက်ပစ်ဗုံးတွေ့တယ်ဆိုတဲ့အချက်ကို ငြင်းဆိုကြပါတယ်။

ကိုရဲလင်းနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က ကိုရဲလင်းနိုင်မှာ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေ လေးသိန်း၊ လပ်တော့ပ် တစ်လုံး နဲ့ ဘဏ်ကတ်တစ်ခုကလွဲလို့ ကျန်တာဘာမှမပါဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့အခြေစိုက် Plan International အဖွဲ့ရဲ့ မြန်မာဌာနေကိုယ်စားလှယ်ရုံးကို RFA ကဆက်သွယ်မေးမြန်းရာမှာ အသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်တာကြောင့် လတ်တလော ပြောဆိုနိုင်မှာမဟုတ်သေးဘူးလို့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပါတယ်။

"အဲဒီဥစ္စာကလည်း ကျွန်တော်တို့ စုံစမ်းနေဆဲဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ ပြောဖို့ အဆင်မပြေသေးဘူး ခင်ဗျ"

မနေ့က INGO ဝန်ထမ်းဖြစ်တဲ့ ကိုရဲလင်းနိုင်ကို ပစ်ခတ်ခဲ့တဲ့ တပ်မတော်စစ်ကြောင်းက မြောက်ဦး မြို့နယ် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဦးခေမာစာရ သီတင်းသုံးတဲ့ ရွှေထီးဆောင်း ကျောင်းတိုက်နဲ့ မြင်းခုန်တန်း ကျောင်းတိုက်လို့ အများသိကြတဲ့ ဇေယျသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ ပါတယ်။

AA အဖွဲ့နဲ့ပတ်သက်လို့ သတင်းကွင်းဆက်အရဆိုပြီးတော့ ဆရာတော်တွေရဲ့အိပ်ခန်း အတွင်း၊ အပြင်၊ ဘီရို၊ သေတ္တာ စတာတွေကို အချိန် နှစ်နာရီလောက်ကြာအောင် အသေးစိတ် မွှေနှောက်ရှာဖွေ စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘာသဲလွန်စမှမရှိတာကြောင့် စစ်ကြောင်းအရာရှိတွေက ဆရာတော်တွေကို တောင်းပန် လျှောက်ထားပြီး ပြန်သွားတယ်လို့ ဆရာတော်ကြီးတွေက RFA ကို မိန့်ပါတယ်။

မြောက်ဦးမြို့နယ် သံဃာ့မဟာနာယကဆရာတော် ဦးခေမာစာရက တပ်မတော်က သင်္ကာမကင်းတဲ့ အမြင်တွေနဲ့ ညအချိန်မတော် လာရောက်မွှေနှောက်ရှာဖွေတာဟာ ဘာသာရေးအပေါ် အများပြည်သူ ယုံကြည်မှုကို ထိခိုက်စေသလို ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာကြောင့် ဒါမဖြစ်သင့်ဘူးလို့မိန့်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA နဲ့ပတ်သက်လို့ ဖမ်းဆီးထားသူတွေရဲ့ သတင်းကွင်းဆက်တွေအရ ဘုန်းကြီးကျောင်းတွေကို အခုလိုဝင်ရောက်ရှာဖွေတာလို့ ပြောဆိုပါတယ်။

ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ RFA ကမေးမြန်းရာမှာတော့ ဒီအချက်နဲ့ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရတာ၊ လက်နက်ကြီးကျည်ထိမှန်တာ၊ မိုင်းကွဲတာ စတဲ့ ဖြစ်ရပ်တွေကြောင့် ဒီနေ့အထိ သေဆုံးသူ ၇၀ ကျော်ရှိပြီး ဒဏ်ရာရသူဦးရေကတော့ ၁၀၀ ကျော်ရှိပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်အသီးသီးကနေ စစ်တွေဆေးရုံကြီးကို အရေးပေါ်တက်ရောက် ကုသခဲ့ရသူဦးရေဟာ အခုနှစ်အတွင်း ၄၇ ဦးရှိခဲ့ရာကနေ အခု ကိုရဲလင်းနိုင်ဟာ ၄၈ ဦးမြောက်လူနာ တစ်ဦးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။