ရေတာရှည်မှာ တိုက်ပွဲကြောင့် ဒေသခံငါးထောင်နီးပါး ထွက်ပြေး
2023.02.16

ပဲခူးတိုင်း အရှေ့ခြမ်း ရေတာရှည်မြို့နယ်ထဲမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကစလို့ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွာသုံးရွာက ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (NTDF) တို့အကြား ကင်းလှည်းဆိပ်၊ ဒိုးတန်းနဲ့ ရှမ်းရွာ စတဲ့ ရွာသုံးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ အဲဒီရွာတွေက ဒေသခံ တွေ ထွက်ပြေးရတာပါ။
တိုက်ပွဲက ဒီနေ့ထိ ဆက်ဖြစ်နေပြီး ရေတာရှည်မြို့နဲ့ ငါးမိုင်လောာက်အကွာမှာပဲ တိုက်ပွဲတွေ ဖြစ်နေတာလို့ သံတောင်မြောက်ပိုင်း အထူးဒေသကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ပြောပါတယ်။
“ကျနော်တို့ ကျေးရွာတွေအများစုမှာ လူထုကို တွေ့ပြီးတော့ စစ်ရေးအရှိန်မြှင့်မယ် ဆိုတာ ပြောထားပါတယ်။ အတတ်နိုင်ဆုံး စစ်ကောင်စီက စစ်ကြောင်းတွေ ဝင်လာရင် ရှောင်ကြတိမ်းကြဖို့ နှိုးဆော်ထား တာ ရှိပါတယ်။ အခုကတော့ စစ်ကြောင်းဝင်လာရင် နီးစပ်ရာ ရွာတွေက ရွာလုံးကျွတ် ပြေးကြတာပေါ့။ အခုနေရာတွေက ရွာကြီးတွေဗျ။ နောက်ပြီး မြို့နဲ့က ငါးမိုင်လောက်ပဲဝေးတာ။ အိမ်ခြေတွေက လည်း ၂၅၀ ကနေ ၄၀၀ လောက် အထိ ရှိကြတာ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ (NTDF) နဲ့ စစ်ကောင်စီတပ်တို့ အကြား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ တိုက်ပွဲ အကြိမ်ပေါင်း ၇ဝ ကျော် ဖြစ်ပွားခဲ့ တယ်လို့ NTDF ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပဲခူးတိုင်းအရှေ့ခြမ်းမှာ စစ်ဘေးဒုက္ခသည် ၅၆,၉၀၀ ကျော် ရှိပါတယ်။