ရေတာရှည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ထောင်နီးပါး ထွက်ပြေး

RFA Burmese
2023.10.07
ရေတာရှည်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ထောင်နီးပါး ထွက်ပြေး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှ ဒေသခံများထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။
KIC

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ရွာနဲ့ လက်ပံဖြူရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက် နေ့လယ်မှာ လေကြောင်းကပစ်ခတ်လို့ အရပ်သားတစ်ထောင် နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မိနစ် ၂၀ နီးပါးကြာတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း နေအိမ်တချို့ ထိခိုက် ပျက်စီးတာတွေရှိပေမယ့် အရပ်သား ထိခိုက်တာမရှိဘူးလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"နေ့လယ် ၁၂ နာရီလောက်က ပစ်တာပါ။ နဂျပ်ရွာကို အရင်ပစ်တာ၊ ပြီးမှ လက်ပံဖြူရွာ ကို ပစ်တာပေါ့။ အိမ်ခြေ ရှစ်လုံးလောက်တော့ ပျက်စီးတယ်။ လူတွေတော့ ထိခိုက်တာ မရှိဘူး"

နဂျပ်ရွာနဲ့ လက်ပံဖြူရွာတွေဟာ လက်နက်ကိုင်ခုခံသူတွေလှုပ်ရှားတဲ့ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာ ရှိပါတယ်။

နဂျပ်ရွာဟာ အိမ်ခြေ ၂၈၀ ကျော်နဲ့ လူဦးရေ ခြောက်ရာနီးပါး ရှိပြီး လက်ပံဖြူရွာဟာ အိမ်ခြေ တစ်ရာကျော်နဲ့ လူဦးရေ သုံးရာကျော် နေထိုင်ပါတယ်။ လက်ရှိမှာ အဲဒီရွာနှစ်ရွာက အရပ်သားတွေ တောတောင်ထဲမှာ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်တဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း အရှေ့ခြမ်းမှာ ပဋိပက္ခတွေကြောင့် အရပ်သား တစ်သိန်းသုံးသောင်းနီးပါး (၁၂၆,၉၀၀) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။