ရေဖြူမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ၁၀ ဦးဖမ်းဆီးခံရပြီး ၃၀၀၀ နီးပါးထွက်ပြေး
2023.09.24
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုး နေတဲ့ စစ်ကောင်စီတပ်ဟာ ခမောင်းချောင်းရွာက စစ်ဘေးဒုက္ခသည် ၁၀ ဦးကို စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲစတဲ့ ရွာတွေက ဒေသခံ သုံးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခမောင်းချောင်းရွာက ဒေသခံ ၁၀ ဦးကတော့ စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရင်း တောထဲမှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး သုံးဦး ပါတယ်။ ကျန်တာကတော့ အမျိုးသားတွေပေါ့။ သူတို့က တောထဲစစ်ရှောင်ရင်း စစ်ကြောင်းက တောထဲလိုက်ရှာတော့ တွေ့ပြီး ဖမ်းသွားတာ။ အခုထိ ဘယ်ကိုဖမ်းသွားတယ်ဆိုတာ မသိရသေးပါဘူး"
အဲဒီစစ်ကြောင်းကပဲ ခမောင်းချောင်းရွာနဲ့ ဧကနိရွာတွေကို စက်တင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး တပ်စွဲထားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦး ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စက်တင်ဘာလ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းမှာ အရပ်သား ခုနစ်သောင်းကျော် (၇၅၂၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။