စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ ခင်ဦးမြို့နယ်အစပ်က ရွာတချို့ကို နိုဝင်ဘာလ ၂၃ ရက် ဒီနေ့ နေ့လယ် ၂ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ကန့်ဘလူမြို့နယ်၊ ကျောက်တိုင်နဲ့ ကျီစုရွာတွေကိုမီးရှို့ပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းဟာ ခင်ဦးနဲ့ ရေဦးမြို့နယ်အစပ် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက် ခံခဲ့ရပါတယ်။
အဲဒီလိုတိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းမှာတော့ လေကြောင်းပစ်ကူတွေ ရောက်လာတာလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“အခုဖြစ်တာက ခင်ဦး၊ ရေဦး၊ ကန့်ဘလူ သုံးမြို့နယ်အစပ်ပေါ့။ ပင်စိမ်းခင်းရွာ တောင်ဘက်မှာ သူတို့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတော့ သူတို့ဘက်က အထိနာတယ်။ အဲဒီမှာသူတို့က လေကြောင်းပစ်ကူခေါ်တာ။ မည်းမည်းမြင်ရာပစ်နေတယ်။ အခုထိ ရဟတ်ယာဉ်ဝဲနေတုန်းပဲ”
ဒီနေ့မနက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘိုခရိုင် တပ်ရင်း (၃) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သူက ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရတာတွေရှိပေမယ့် အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တဲ့ ပင်စိမ်းခင်းရွာ တောင်ဘက်ခြမ်းနေရာကို လေကြောင်းကနေပစ်ခတ်ခဲ့သလို အနီးတစ်ဝိုက်ရွာတွေဖြစ်တဲ့ ခင်ဦးမြို့နယ်ထဲက သာဝတ္ထိ၊ မုံလှ၊ ရှားတော၊ ငါးရုံကြီးနဲ့ ကလုံရွာတွေဘက်ကိုလည်း ခြောက်လှန့်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူ စတဲ့မြို့နယ်ထဲက ရွာတချို့ကို ဝင်ရောက်စီးနင်းနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပင်စိမ်းခင်းရွာဘက်ကို စစ်ကြောင်းထိုးချိန်မှာလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။