သရုပ်ဆောင်ရဲတိုက် အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ် ထပ်ချခံရ

သရုပ်ဆောင်ရဲတိုက်ကို တွေ့ရစဉ်
သရုပ်ဆောင်ရဲတိုက်ကို တွေ့ရစဉ် (Photo: CJ)

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ရဲတိုက်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆ (ဂ) /၂၃ နဲ့ မေလ ၂၇ ရက် ဒီနေ့မှာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က RFA ကို ပြောပါတယ်။

ဒီအမှုဟာ သူ နောက်ဆုံးရင်ဆိုင်နေရတဲ့အမှု ဖြစ်တယ်လို့ သရုပ်ဆောင်ရဲတိုက်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

"ကိုရဲတိုက်က ကျန်းမာရေးကောင်းမွန်နေပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ-၁၆ (ဂ) /၂၃ အရ ပြစ်မှုထင်ရှားတယ် ဆိုပြီးတော့မှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ် လိုက်ပါတယ်။ ထပ်ရင်ဆိုင်ရမယ့် ပုဒ်မတွေကတော့ မရှိတော့ပါဘူး"

သရုပ်ဆောင် ရဲတိုက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၃ ရက်နေ့က သမိုင်းလမ်းဆုံမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားပြီးနောက် ဒီဇင်ဘာလမှာ ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က) နဲ့ ထောင် သုံးနှစ် ချမှတ်ခံထားရသလို ဒီနေ့မှာလည်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ ထောင် ၁၀ နှစ် ထပ်ချခံရတာပါ။

အာဏာသိမ်းကာလ အစောပိုင်းတွေမှာ သရုပ်ဆောင်ရဲတိုက်ဟာ ပြည်သူနဲ့အတူ စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။