ရေးမြို့က စစ်ကောင်စီ ယာယီအထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်

RFA Burmese
2024.10.19
ရေးမြို့က စစ်ကောင်စီ ယာယီအထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းမှ တပ်ဖွဲ့ဝင်များအား ရေးမြို့နယ် ရှေ့တန်းတစ်နေရာတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်။
Dawna Column

မွန်ပြည်နယ် ရေး - သံဖြူဇရပ်ကားလမ်းမပေါ် စံပြကျေးရွာအနီးက စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ဗိုလ်ကြီး တစ်ဦးအပါအဝင် ငါးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းက အောက်တိုဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို အောက်တိုဘာလ ၁၇ ရက်နေ့မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး MA1 တစ်လက်နဲ့ MA 2 တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူတွေကို လူနာတင်ယာဉ် လေးစီးနဲ့ ရေးမြို့ပြည်သူဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မဟာမိတ်အဖွဲ့တွေဘက်က နှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာခဲ့တယ်လို့လည်း ဆိုပါတယ်။ နှစ်ဖက် ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ (၁၀၆) က လက်နက်ကြီးနဲ့ လေးကြိမ်ပစ်ခတ်ခဲ့တာကြောင့် စံပြကျေးရွာထဲ သုံးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီ ခမရ (၅၈၈) ယာယီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း လုံခြုံရေးတပ်ခွဲ၊ ရေး ‌ပြောက်ကျားတပ် (YGF) တပ်ခွဲ၊ ဗျူဟာ ၃၃ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ KNLA တပ်ရင်း ၂၇၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း ၁ စတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။