ရန်ကုန်စည်ပင်ရွေးကောက်ပွဲ အခုနှစ်အတွင်း ကျင်းပမည်
2018.06.28

ဝေဖန်သူတွေကြား လပေါင်းအတန်ကြာ မေးခွန်းထုတ်စရာဖြစ်နေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲကို ဒီနှစ်အတွင်းပြုလုပ်သွားမယ်လို့ ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာ ဒီကနေ့ ပြုလုပ်တဲ့ ၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်း အတည်ပြုပွဲ အခမ်းအနားမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။
"ရွေးကောက်ပွဲအတွက်လည်း လုပ်ဖို့အတွက်လည်း ဘတ်ဂျက်လည်းပြဌာန်းပြီးပြီ၊ နောက်ဒီအထဲမှာလည်း ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ရမယ့် ကော်မတီဝင်တွေလည်း ပြဌာန်းပြီးပါပြီ၊ သူတို့ အမြန်ဆုံးလုပ်ပါ လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့အပိုင်းကကျတော့ YCDC ရဲ့ လုပ်ငန်းဆောင်တာ အပိုင်းပဲဖြစ်တယ်၊ ရွေးကော်ပွဲကော်မရှင်က သက်သက်လုပ်မယ်ဆိုတော့ ဒါရွေးကောက်ပွဲကော်မရှင် ဆက်ဆောင်ရွက်သွားမှာပါ၊ (အချိန်ကာလက ဒီနှစ်အတွင်းဖြစ်မလားမသိဘူး) ဟာဖြစ်တာပေါ့ ဖြစ်မှာပေါ့၊ ဒါဖြစ်တာပေါ့၊ ဖြစ်ချင်လို့လည်း မြန်မြန်လုပ်နေတာလေ"
၂ဝ၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်က ဇွန်လ ၂၇ ရက်နေ့ မနေ့က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဒီကနေ့မှာ ဝန်ကြီးချုပ်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီဥပဒေအရ စီးပွားရေးလုပ်ငန်းတွေမှာ ကော်မတီက ဝင်ရောက်ရင်းနှီးမြှုပ်နံှနိုင်တယ်ဆိုတဲ့ ပြဌာန်းချက် မပါဝင်တော့သလို စည်ပင်သာယာရေး ကော်မတီဝင်တွေကို မဲပေးရွေးချယ်တဲ့အခါမှာလည်း အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးခွင့်ရှိတော့မှာ ဖြစ်ပါတယ်။
အရင်က အစိုးရကခန့်အပ်တဲ့ကော်မတီဝင် ၅ ဦးနဲ့ ပြည်သူကရွေးချယ်သူ ၄ ဦး စုစုပေါင်း ကော်မတီဝင် ၉ ဦးနဲ့ လုပ်ငန်းတွေလုပ်ဆောင်ခဲ့ပေမယ့် အခုအတည်ပြုလိုက်တဲ့ဥပဒေသစ်အရ အစိုးရက ခန့်အပ်တဲ့ကော်မတီဝင် ၅ ဦးနဲ့ ပြည်သူရွေးချယ်တဲ့ ကော်မတီဝင် ၆ ဦး စုစုပေါင်း ၁၁ ဦးရှိလာပြီး ဒုတိယမြို့တော်ဝန်ကိုလည်း ခန့်အပ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဥပဒေအသစ်အရ အဆောက်အဦဆိုင်ရာ တားမြစ်ချက်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးနဲ့ ဆိုင်တဲ့ တားမြစ်ချက်တွေ၊ ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်တွေ၊ တိရိစ္ဆာန် ကုသရေးနဲ့မွေးမြူရေးနဲ့ ဆိုင်တဲ့ တားမြစ်ချက်တွေအပါအဝင် ဥပဒေပါတားမြစ်ချက်တွေကို ပြည်သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် မြို့တော်သူ မြို့တော်သားတစ်ယောက်က လိုက်နာဖို့ပျက်ကွက်ခဲ့ရင် အရေးယူခံရနိုင်တဲ့ အချက်တွေပါဝင်လာပြီဖြစ်ပါတယ်။