ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ YBS ယာဉ်မောင်း တရားရုံးထံလျှောက်ထား

YBS ယာဉ်မောင်းတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ အလုပ်ရှင် ဦးကျော်နေဝင်း နဲ့ ဦးဇွဲနေဝင်းတို့ကို အရေးယူပေးဖို့ လှိုင်သာယာမြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထားလိုက်တယ် လို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်း ဦးအောင်မြတ်က ပြောပါတယ်။

အလုပ်ရှင်က ဖိနပ်အချွန်နဲ့ ကန်လိုက်တဲ့အတွက် YBS ၂၀ ယာဉ်မောင်း ဦးအောင်မြတ်ရဲ့ ရင်ဘတ်နေရာမှာ ဒဏ်ရာရနေတာကို တွေ့ရစဉ် Photo: BO Hla Gyi - facebook

YBS  20 ယာဉ်မောင်း တစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့တယ်ဆိုပြီး YBS 20 ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ကို တစ်စုံတစ်ယောက်အား နာကျင်စေမှုပုဒ်မ  ၃၂၃ နဲ့ တရားစွဲဆိုဖို့ကို လှိုင်သာယာမြို့နယ် တရားရုံးက လက်ခံလိုက်ပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တိုင်ကြားခံရသူတွေကိုပါ ဆင့်ခေါ်သွားမှာဖြစ်တဲ့အကြောင်း တရားသူကြီး က ပြောလိုက်တယ်လို့  ကားမောင်းသမားဘက်က လိုက်ပါကူညီပေးနေတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ဦးမောင်မောင်ဟန် က ပြောပါတယ်။

"တွဲဖက်တရားသူကြီး ၁ ကနေ ရှင်းပြပါတယ်။ ကိုအောင်မြတ်ရဲ့အမှုက နှစ်ဖက်ရဲ့ စွဲဆိုချက်တွေ ကို ပြန်လည်တင်ပြချက်နဲ့ တရားသူကြီးကနေ ၂၉၄/၃၂၃ လူတဖက်သားကို ထိခိုက်ဒဏ်ရာရလိုမှု၊ အဲဒါကို ဆင့်ခေါ်ပါမယ်တဲ့။"

ပြီးခဲ့တဲ့မေလတုန်းက ယာဉ်မတော်တဆ ထိခိုက်တာကြောင့် ကားပျက်စီးတယ်ဆိုပြီး ယာဉ်မောင်း ဦးအောင်မြတ် ကို ယာဉ်လိုင်းပိုင်ရှင် ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုပြီး လှိုင်သာယာ မြို့နယ် တရားရုံးမှာ  ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ယာဉ်ထိခိုက်တာကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့ ဦးအောင်မြတ်နဲ့ ဦးကျော်မင်းထွန်း အတွက် အလုပ်ထုတ်နစ် နာကြေး၊ လုပ်ခလစာကျန်ငွေနဲ့ အလုပ်ထုတ်မယ်ဆိုရင် ၁ လ ကြိုတင်အကြောင်းမကြားတဲ့ လျော်ကြေးတွေအတွက် မြို့နယ်ညှိနိုင်းဖျဉ်ဖြေရေးရုံးကို တိုင်ကြားခဲ့ပါတယ်။ YBS 20 ယာဉ်လိုင်းဘက်ကနေ လုပ်ခလစာကျန်ငွေသာပေး မယ်ဆိုတဲ့အတွက် အလုပ်သမား ခုံသမာဓိကို ထပ်တိုင်ကြားထားတယ်လို့ ဦးမောင်မောင်ဟန်က ပြောပါတယ်။

ယာဉ်မောင်း ဦးကျော်မင်းထွန်း နစ်နာကြေး ၃ ခုအတွက် ငွေကျပ် ၇ သိန်း ၄ သောင်း၊ ဦးအောင်မြတ်အတွက် ၅ သိန်း ၉ သောင်းကို YBS 20 ယာဉ်လိုင်းကပေးဖို့ တောင်းဆိုထားတာလို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org