YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲဖို့အတွက် ယာဉ်တစ်စီးကို အမေရိကန်ဒေါ်လာ ၆ သောင်းဝန်းကျင်လောက် တန်ဖိုးရှိမယ့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကားအသစ် အစီးရေ ၁ ထောင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ပထမအသုတ် အစီးရေ ၁ ထောင်၊ ဒုတိယအသုတ် အစီးရေ ၂ ထောင် ဝယ်ယူဖို့ စီစဉ်ထားပြီး ပထမအသုတ်က ဧပြီလကုန်မှာ ရောက်ဖို့မှန်းထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောပါတယ်။
"ယာဉ်အသစ်တွေ ထပ်ဝယ်ဖို့ရှိပါတယ်၊ ဝယ်မယ့်အစီအစဉ်ကတော့ ပထမအသုတ်ကတော့ ၁ ထောင် ၊ နောက်တစ်ခါကျတော့ ၂ ထောင်၊ အားလုံး ၃ ထောင်လောက်ဖြစ်မှာပေါ့နော်၊ တရုတ်ကိုတော့ ဝယ်ဖို့များ ပါတယ်၊ အနည်းဆုံး ဒေါ်လာ ၆ သောင်းဝန်းကျင်ပေါ့၊ ဒါပေမဲ့ သူလျှော့တော့ လျှော့ဦးမယ် ပြောပါတယ်၊ ဒါပေမဲ့ အခုချိန်မှာတော့ပြောလို့မရသေးဘူး၊ အခု ပထမအသုတ်မှာတဲ့ဟာကတော့ ကျနော်မှန်းတာ ကတော့ ဧပြီလကုန်လောက်တော့ ရောက်မယ်လို့ မှန်းတာပေါ့နော်"
ယာဉ်တစ်စီးကို အမေရိကန်ဒေါ်လာ ၆ သောင်းဝန်းကျင်လောက် ကုန်ကျမှာဖြစ်တဲ့အတွက် မြန်မာငွေကျပ် သိန်း ၈၀၀ နီးပါး ကျသင့်မှာဖြစ်ပါတယ်။
ထပ်တိုးမယ့် ယာဉ်တွေမှာ GPS စနစ်တွေ တပ်ဆင်ပြီးသားဖြစ်ပြီး နောက်ပိုင်းမှာ Command Center ကနေ အကုန်လုံးကို ထိန်းနိုင်တဲ့အဆင့်ဖြစ်အောင် လုပ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ယာဉ်ကြောစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်မောင်း ညာပေါက် ကားတွေကိုပဲ ဝယ်ယူသွားမှာဖြစ် ပြီး တရုတ်အစိုးရနဲ့ ချိတ်ဆက်ဝယ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ မောင်အောင် က ပြောပါတယ်။
လက်ရှိမှာ YBS ယာဉ်လိုင်းပေါင်း ၈၀ ကျော်ရှိပြီး တစ်ရက်ကို ယာဉ်အစီးရေ ၃ ထောင်ကျော်နဲ့ ပြေးဆွဲနေ တာ ဖြစ်ပါတယ်။ အဲဒီထဲက ယာဉ်အစီးရေ ၁ ထောင်ကျော်ကို GPS စနစ်တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။