တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာက ရွှေပဒုမ္မာကုမ္ပဏီပိုင်မြေထဲမှာ ဝင်ရောက်စိုက်ပျိုး ခဲ့တယ်ဆိုပြီး တရားစွဲခံထားရတဲ့ မူလပိုင်ရှင် တောင်သူ ၄ ယောက်ကို ဒဏ်ငွေ ၅ ထောင်စီ ပေးဆောင်ဖို့ ရေဖြူမြို့ နယ်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။ အဲဒီတောင်သူတွေဟာ တပ်မတော်နဲ့ KNU ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေးကြရသူတွေဖြစ်ပြီး အပစ်အခတ်ရပ်စဲလို့ နေရပ်ကို ပြန်လာပြီး တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်ချိန်မှာ အခုလို တရားစွဲခံရတာဖြစ်တယ် လို့ အဲဒီတောင်သူတွေကို ကူညီပေးနေတဲ့ တနင်္သာရီမိတ်ဆွေများအဖွဲ့ဝင်နော်ခရီးစေး က ပြောပါတယ်။
"ပြည်တွင်းအခြေအနေမကောင်းလို့လေ၊ ဗမာနဲ့ KNU နဲ့ကြားမှာလေ။ အဲ့ကြားမှာ သူတို့က တခြားရွာ ကို ပြောင်းရွှေ့သွားတာ။ ပြီးမှ သူတို့က ပြန်လာတာ။ ပြန်လာတာကလည်း တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ပြန်လာတာ။ ပြန်လာတော့ သူတို့က စားဝတ်နေရေးအတွက် စိုက်ပျိုးလုပ်ကိုင်ရတာပေါ့နော် ။ သူတို့စိုက်ပျိုးလုပ်ကိုင်တဲ့နေရာက ကုမ္ပဏီက ပြောတယ်ပေါ့ ဒါတွေက သူတို့လုပ်ပိုင်ခွင့်ရထား တဲ့ မြေတွေဆိုပြီးတော့လေ။ ဒါပေမဲ့ ရွာသူရွာသားတွေက အဆင်မပြေတော့လေ တောင်ယာတွေ ဘာတွေခုတ်တယ်လေ။ ဒီနှစ်မှစပြီးတရားစွဲတာ။"
ကျေးဇူးတော်ကျေးရွာက ဒေသခံတွေဟာ တပ်မတော်နဲ့ KNU ကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲတေွကြောင့် ၁၉၉၂ ခုနှစ်မှာ တခြားဒေသကို ထွက်ပြေးခဲ့ရသူတွေဖြစ်ပြီး ဒေသခံတွေမရှိချိန်မှာ အစိုးရက သူတို့ တောင်ယာလုပ်ကိုင်ခဲ့ တဲ့ မြေယာတွေကို ဆီအုန်းစိုက်ပျိုးဖို့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချပေးခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေ နေရပ်ပြန်လာပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့ အခါမှာတော့ ကုမ္ပဏီပိုင်မြေထဲကို ဝင်ရောက်ကျူးကျော်မှုပုဒ်မ ၄၄၇ နဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ကုမ္ပဏီက တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ရွှေပဒုမ္မာကုမ္ပဏီဟာ ၁၉၉၉ ခုနှစ်မှာ ဆီအုန်းစိုက်ပျိုးဖို့ ဧက ၆ ရာကျော်ကို လုပ်ပိုင်ခွင့်ရရှိခဲ့ပြီး ၄ နှစ်အတွင်း ရာနုန်းပြည့်စိုက်ပျိုးရမှာဖြစ်ပေမယ့် အခုချိန်အထိ ဧက ၉ဝ လောက်သာ စိုက်ပျိုးထားတယ်လို့ တနင်္သာရီ မိတ်ဆွေများအဖွဲ့ဝင် နော်ခရီးစေးက ပြောပါတယ်။