စက်လှေမှောက်မှု လူ ၁၈ ဦးသေ၊ ၃၀ ကျော်ပျောက်ဆုံး


2019.07.25
yaynanchaung-boat-sink-622.jpg နစ်မြုပ်နေတဲ့စက်လှေကို ၂၀၁၉ ဇူလိုင် ၂၄ ရက်နေ့က ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို တွေ့ရစဉ်
Photo: Zaw Too/RFA

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ဖရဲကျွန်းကျေးရွာအုပ်စုက ဒေသခံတွေ စက်လှေမှောက်ပြီး ပျောက်ဆုံးနေသူ ၃၀ ကျော်ထဲက ဒီနေ့အထိ ၁၈ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ရေနံချောင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ က ပြောပါတယ်။

သေဆုံးသွားသူတွေထဲက ၁၀ လောင်းကို မနေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာ ၈ ယောက်ကို ထပ်မံရှာတွေ့ခဲ့ တာကြောင့် စုစုပေါင်း သေဆုံးသူ ၁၈ ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိထားတာဖြစ်ပါတယ်။ သေဆုံးသွားသူတွေ အပြင် အသက်ရှင်လျက်ပြန်တွေ့သူ နှစ်ဦးကိုလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက မနေ့က တွေ့ရှိခဲ့ပါတယ်။

ဒီနေ့တွေ့ရှိတဲ့ ရုပ်အလောင်းတွေထဲက ၂ ဦးရဲ့ ကိုယ်မှာ ဒဏ်ရာတွေတွေ့ရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှကတော့ အခင်းဖြစ်နေရာကို မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့နယ်ဆရာဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေတာကြောင့် သူတို့ကသာ အတိအကျပြောဆိုနိုင်မယ်လို့ ပြောပါတယ်။

သေဆုံးသူတွေမှာ ဒဏ်ရာတွေရှိနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးမန်ဘိုဟော ကို ဆက်သွယ်ရာမှာ ရုပ်အလောင်း နှစ်လောင်းပေါ်လာတဲ့ ကျေးရွာဘက်ကို ရောက်ရှိနေပြီး အဲဒီ ရုပ်အလောင်းတွေမှာတော့ ဒဏ်ရာမရှိကြောင်း ပြောပေမယ့် ကျန်တဲ့ရုပ်အလောင်းတွေမှာတော့ ဒဏ်ရာ ရှိ၊ မရှိကို အတိအကျ ပြောလို့မရသေးကြောင်း ပြောပါတယ်။

အခင်းဖြစ်နေရာကို ရောက်ရှိနေတဲ့ ရေနံချောင်းမြို့နယ် ဆေးရုံက တာဝန်ကျဆရာဝန်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ရှာဖွေတွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့နဲ့ ဆရာဝန်က စစ်ဆေးပြီးနောက် ဒီနေ့မှာပဲ သြင်္ဂိဟ်လိုက်တယ်လို့ သိရပါတယ်။

မြေနုကျွန်းခွဲဝေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး ကံသာကျေးရွာသားတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာကြောင့် ဖရဲကျွန်းကျေးရွာ က ဒေသခံတွေဟာ စက်လှေပေါ် အစုလိုက် အပြုံလိုက် လိုက်ပါစီးနင်းလာရာကနေ စက်လှေနစ်မြှုပ်သွားပြီး လူသေဆုံးတာတွေရှိခဲ့တာဖြစ်တယ်လို့ ဖရဲကျွန်းတပ်ပိုးရွာက ကိုသက်နိုင်ဦး က RFA ကို မနေ့က ပြောဆိုထား ပါတယ်။

အဲဒီခိုက်ရန်ဖြစ်ပွားမှုကို ရေနံချောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ရဲစခန်းတာဝန်ကျ ရဲအရာရှိက RFA ကို အတည်ပြုပြောဆိုပေမယ့် ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။