မကွေးတိုင်း ရေနံချောင်းမြို့ မြို့မဈေးကြီးမှာ ဒီနေ့မနက် လင်းအားကြီးက မီးလောင်ကျွမ်းရာမှာ ဈေးအနောက် ဘက်၊ ဈေးအရှေ့ထိပ်နှင့် အရှေ့တောင်ထောင့်ရှိ ဆိုင်ခန်းများမှအပ ဈေးအတွင်းနှင့် ဘေးပတ်လည်ရှိ ဆိုင်ခန်းပေါင်း ၃၁၂ ခန်း ပျက်စီးဆုံးရှုံးသွားပါတယ်။
ဆုံးရှုံးမှုတန်ဖိုး အတိအကျ ခန့်မှန်းရန်ခက်သော်လည်း တစ်ဦးတည်း ကျပ်သိန်း ၅၀၀ ကျော်အထိ ဆုံးရှုံးခဲ့သူ ဈေး သည်များရှိတယ်လို့ သိရပါတယ်။ မီးလောင်မှုကို ရေနံချောင်း၊ မကွေး၊ ချောက်၊ ကျောက်ပန်းတောင်းမြို့များမှ မီးသတ်ကားပေါင်းများစွာ လာရောက်မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီခွဲခန့်တွင်မီးညွန့်ကျိုးသွားပါတယ်။ ဈေးအရှေ့ ဘက်တန်းရှိ ထုထည်ကြီးမားသော အဆောက်အဦများကြောင့် လူနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှု မရှိပဲ၊ ထိခိုက်ဒဏ်ရာရသူလည်း မရှိခဲ့ကြောင်းသိရပါတယ်။
မနက် ၂ နာရီလောက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဈေးရုံ ၉ ရုံက ဆိုင်ခန်းတွေအားလုံး ပျက်စီးသွားတယ်လို့ ကုန်စုံဆိုင်မီးထဲပါသွားတဲ့ ကိုဇော်မိုးအောင်က ပြောပါတယ်။
"၂ ရက် သူတို့သန့်ရှင်းရေးအကုန်လုပ်မယ်၊ ဘူဒိုဇာတွေနဲ့ ထိုးပစ်လိုက်ပြီး ၃ ရက်နေလို့ရှိရင် ယာယီဆိုင်ခန်း ကျနော်တို့ကို ပြန်ချပေးမယ်၊ ၃၁၂ ခန်းတဲ့ သူတို့မနက်ကသတင်းထုတ်တာ၊ ကျန်တာက (က) ရုံနဲ့ (ခ) ရုံ နှစ်ရုံကျန်တယ်"
တစ်နာရီကျော်ကြာ မီးလောင်ခဲ့တာဖြစ်ပြီး ပျက်စီးသွားတဲ့အထဲမှာ အထည်ဆိုင်တွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
အဲဒီမြို့မဈေးမှာ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကလည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၃၀၀ ကျော်ပျက်စီးခဲ့ပါတယ်။
အလားတူပဲ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းက ဘလုတ်ညွှန့်ကျေးရွာမှာလဲ မနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၀၀ နီးပါး ပျက်စီးခဲ့ပြီး့ လူဦးရေ ၉၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။