ရေဦးမှာ ဗုံးပေါက်၊ ရဲနှစ်ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ကြာပန်းအဝိုင်းအနီးမှာ ဒီကနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ မနက်ပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲပြီး ရဲနှစ်ယောက် ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးမြို့က ဒေသခံတွေကပြောပါတယ်။

အခုလ ၈ ရက်နေ့က ကြာပန်းအဝိုင်းအနီးမှာ ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးခဲ့သူ ကာကွယ်ရေး တပ်ဖွဲ့ဝင်အတွက် လွမ်းသူပန်းခွေ ချထားတယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့က သွားရောက်ရှင်းလင်းစဉ် အခုလို ဗုံးကွဲမှုဖြစ်ပြီး ရဲနှစ်ယောက် ဒဏ်ရာရသွားတာလို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဦးမြို့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“ပန်းခွေချထားတဲ့နေရာက ရထားသံလမ်းနေရာ ဂုံးအမြင့်ကြီး အဲဒါကို တက်ကြည့်ရှင်းတာနေမှာ အသံ အကျယ်ကြီး နှစ်ချက်ကြားလိုက်ရတယ်။ ဒုရဲအုပ်တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ကြားတယ်။ အခုတော့ မုံရွာ ဆေးရုံးကိုပို့လိုက်တယ်”

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရေဦးရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်တာကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုလ ၈ ရက်နေ့က ကြာပန်းအဝိုင်းအနီးမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံ တူမီးသေနတ်ကိုင်အဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီးတဲ့နောက် တူမီးသေနတ် ကိုင်ဆောင်သူတွေဘက်က တစ်ယောက်နဲ့ ရဲတပ်ဖွဲ့ဘက်က တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့မှာတော့ သေဆုံးသူ တူမီးသေနတ်ကိုင်တပ်ဖွဲ့အတွက် လွမ်းသူ့ပန်းခွေ လာချထားတယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့ဘက်က လာရောက်ရှာဖွေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။

အဲဒီနေ့က တူမီးသေနတ် ကိုင်ဆောင်သူတွေဘက်က သေဆုံးသွားသူဟာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာ ကိုတော့ အခုအချိန်ထိ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့စည်းထားတာ မရှိလို့ ရဲတပ်ဖွဲ့နဲ့တိုက်ပွဲကို ဘယ်သူတွေ ဦးဆောင်တယ်ဆိုတာကိုလည်း ဒေသခံတွေ မသိကြဘူးလို့ ဆိုပါတယ်။

ရေဦးမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူနဲ့ သေဆုံးသူတွေ များနေတာကြောင့် ဒေသခံတွေ အပြင်မထွက် သလောက် ဖြစ်နေပြီး ဒီကနေ့ ဇူလိုင် ၁၉ အာဇာနည်နေ့ အထိမ်းအမှတ်လည်း လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ရေဦးမြို့ဒေသခံတွေက RFA ကို ပြောပြကြပါတယ်။