မန္တလေး ရသာကောင်း အလုပ်သမား တောင်းဆိုချက် အလုပ်ရှင် လိုက်လျော
2012.06.24

မနေ့ကညနေ ၆ နာရီခွဲခန့်မှာ မြို့နယ်အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား အရေး ညှိနှိုင်းဖြန်ဖြေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနဲ့ အတွင်းရေးမှူး ဒေါ်အေးမာတို့ ရှေ့မှောက်မှာ အလုပ်သမားကိုယ်စားလှယ် (၅၀) ဦးနဲ့ လုပ်ငန်းရှင်ဘက်က ဦးကျော်စိန်(ခေါ်) တွမ်လျှော့ကြုံတို့က လက်မှတ်ရေးထိုး သဘောတူခဲ့တာလို့ အလုပ်သမားတွေကို အကူ အညီပေးခဲ့တဲ့ ကုန်ဈေးနူန်းကျဆင်းရေးအဖွဲ့က ဦးသိန်းအောင်မြင့် ကပြောပါတယ်။
“အလုပ်သမားတွေတောင်းတဲ့အထဲက ရတဲ့အချက်တွေကတော့ အမျိုးသမီး ဝန်ထမ်းတွေကို ယခင်(၁၈၀၀) ရတဲ့သူကို (၂၁၀၀) ကို တိုးပေးတယ်၊ (၁၉၀၀) ရတဲ့သူကိုလည်း (၂၁၀၀) ပဲခင်ဗျ၊ (၂၀၀၀) ရတဲ့သူကို (၂၂၀၀) တိုးပေး တယ်ပေါ့ခင်ဗျာ၊ ဒါသူတို့က နေ့စားသမားတွေကိုး။ ပြီးတော့ လခစား သမားတွေကလည်း သူတို့က လုပ်သက်က (၃) လကနေ (၁)နှစ် အထိ လုပ်သက်ကို (၅၆၇၀၀) အထိ တိုးပေးတယ်၊ (၁)နှစ်ကနေ(၃)နှစ်အထိ လုပ်ထားတဲ့သူကို (၆၀၀၀၀) ပေးတယ်။ လုပ်သက်(၄)နှစ်ကနေ(၅)နှစ်အထိ လုပ်ထားတဲ့သူကို (၇၀၀၀၀)ပေါ့ဗျာ၊ (၅)နှစ်အထက်ကိုသူက (၇၅၀၀၀) ပေးတယ်။ အဲဒီအချိန်မှာ သူတို့စက်ရုံမှာ လုပ်တဲ့ ဒီမြေပဲ လုပ်သားတို့ ဆန်မရွေး လုပ်သားတို့ ဘွိုင်လာ လုပ်သား တွေကြတော့ သူက ပင်ပန်းကြေးအနေနဲ့ တလကို(၄၀၀၀)ပေးတယ်ခင်ဗျ၊ အလုပ်ချိန်ကတော့ ဟိုတုန်းကလို သူက (၁၂) နာရီ မလုပ်ရတော့ဘူး တရက်ကို(၈)နာရီပဲ သူခိုင်းတော့တယ်ခင်ဗျ”
မနေ့က ညှိနှိုင်းရာမှာ အမျိုးသမီးဝန်ထမ်းတွေကို လခစားအဖြစ် သတ်မှတ်ရေး အချက်မှာ ညှိနှိုင်းမရဖြစ်နေခဲ့တာ ဖြစ်ပြီး လုပ်ငန်းရှင်က အခုလိုအခြေခံလစာငွေကို တိုးပေးလိုက်တဲ့အတွက် အကုန်လုံးမရတောင်မှ ထိုက်သင့်တဲ့ အနေအထားရတဲ့အတွက် အလုပ်သမားတွေက
ကျေနပ်ကြောင်း ပြောတယ်လို့ သူကပြောပါတယ်။