ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကုန်းတန်း(ခေါ်)ရက်ခုန်းတိုင်ကျေးရွာမှာရှိတဲ့ အစိုးရ စာသင်ကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေကို တပ်မတော်စစ်ကြောင်းတစ်ခုက အကာအကွယ်ယူပြီး ယာယီစခန်းချခဲ့ရာမှာ ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း ကျေးရွာသားတွေက ဒီနေ့မနက်က ပြောပါတယ်။
တပ်မတော် ပြောခွင့်ရသူတွေက တပ်မတော်ဟာ စာသင်ကျောင်းနဲ့ ဘာသာရေး အဆောက်အဦးတွေကို အကာအကွယ်မယူဘူးလို့ တုံ့ပြန်ထားကြပါတယ်။
ဒါ့အပြင် ဒီပြိန်းတောကုန်းတန်းကျေးရွာမှာ တပ်မတော်စစ်ကြောင်း စခန်းချခဲ့တာမရှိဘူးလို့လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို မနေ့က ပြောဆိုခဲ့ပါတယ်။
ပြိန်းတောကုန်းတန်းကျေးရွာ စာသင်ကျောင်းမှာ ရုံးခန်းပစ္စည်းအချို့ ပျက်စီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဲဒီတပ်မတော်စစ်ကြောင်း မနေ့က နေ့လယ်ပိုင်းလောက်မှာ ပြိန်းတောကုန်းတန်းကျေးရွာကနေ မညင်းတောင်ကျေးရွာကို ဆက်လက်ထွက်ခွာသွားရာမှာ မညင်းတောင်ကျေးရွာအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။