ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းတွေ ပြန်လည်ဖွင့်လှစ်
2013.12.06

၁၇နှစ်ကြာ ဘွဲ့ကြိုသင်တန်းတက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ ၅ ရက် မနေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ် ၂၀ ခုအပြင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုပါ ပထမဆုံးအနေနဲ့ ထည့်သွင်းသင်ကြားနေတယ်လို့ သိရပါတယ်။
ပညာရေးဝန်ကြီးဌာနက အထူးပြုဘာသာရပ် တစ်ခုကို ကျောင်းသား ၁၅ ယောက်နှုန်းသာ ခွင့်ပြုပေးမယ်လို့ မူလကသတ်မှတ်ထားခဲ့ပေမဲ့ ဘာသာရပ်တစ်ခုကို ကျောင်းသားဦးရေ ၅၀ ထိ လက်ခံပေးမယ်လို့ ပြီးခဲ့တဲ့လက ပြန်လည်ကြေညာ ခဲ့ပါတယ်။
ကျောင်းဝင်ခွင့်လက်ခံနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ဆရာများအသင်း အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက RFA ကို အခုလို ပြောပါတယ်။
“ရန်ကုန်တက္ကသိုလ် ဘာသာရပ်ပေါင်း ၂ဝ ရှိပါတယ်၊ တစ်ဘာသာကို ကျောင်းသားအယောက် ၅ဝ ပြန်ခေါ်ထားတာပေ့ါ၊ နိုင်ငံရေးသိပ္ပံ ဘာသာရပ်တစ်ခုကတော့ ထူးထူးခြားခြားပါလာတယ်ပေ့ါ၊ အခု နိုင်ငံရေးသိပ္ပံပါတယ်ဆိုတော့ ၂၁ ခုစလုံးကတော့ ပြည့်နေပါပြီ”
ရန်ကုန်တက္ကသိုလ်မှာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ရိုးရိုးဝိဇ္ဇာသိပ္ပံ ဘွဲ့ကြိုသင်တန်းတွေကို ပိတ်ထားခဲ့ပြီး၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့သင်တန်းနဲ့ ပါရဂူဘွဲ့သင်တန်းတွေကိုပဲ ဖွင့်လှစ်ထားခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်အတွက် ရိုးရိုးဘွဲ့ကြိုသင်တန်းအတွက် ဝင်ခွင့်တွေကို ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။