မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း လွှတ်တော်အတည်ပြု
2015.06.19

မြေဧက တစ်သိန်းနှစ်သောင်းကျော် အကျယ်အဝန်းရှိမယ့် “မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း -၂ဝ၄ဝ” ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
ဒလ၊ သန်လျင်၊ လှည်းကူး၊ ထန်းတပင်၊ မှော်ဘီ၊ ရန်ကုန်အရှေ့ပိုင်းနဲ့ ရန်ကုန်အနောက်တောင်ပိုင်း မြို့နယ်တွေမှာ တိုးချဲ့တည်ဆောက်မယ့် စီမံကိန်းဖြစ်ပြီး ပြည်ပက မြို့ပြစီမံကိန်းပညာရှင်တွေနဲ့ ညှိနှိုင်းပြီး အကောင်အထည်ဖော် မှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
"ဆိုပါစို့ ဦးဆောင်ကော်မတီမှာ ဥက္ကဌအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ မြို့တော်ဝန် အဖွဲ့ဝင်များဖြင့် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ မြို့ပြစီမံကိန်းနဲ့ မြေစီမံကိန်းမှ ဒုတိယဌာနမှူးှ စုစုပေါင်း ၁၁ ဦးတို့ ဖွဲ့စည်းခဲ့ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကောင်အထည်ဖော်ဖို့အဆိုပြုခဲ့တဲ့ ရန်ကုန်မြို့ တိုးချဲ့ရေးစီမံကိန်းများမှာလည်း စုစုပေါင်း ဧရိယာ စတုရန်းမိုင် ၁၈ဝ ကျော်ရှိတဲ့ မြေနေရာမှာ ခေတ်မီမြို့ပြ အင်္ဂါရပ်များနဲ့ညီအောင် ပြည်တွင်းပြည်ပ မြို့ပြစီမံကိန်းပညာရှင်များနဲ့ အသေးစိတ်စီမံကိန်း ရေးဆွဲဆောင် ရွက်မှာဖြစ်ပါတယ်"
အဲ့ဒီစီမံကိန်းကို မြန်မာကျပ်ငွေ ဘီလီယံ ၈ ထောင်ကျော်သုံးပြီး အကောင်အထည်ဖော်မှာဖြစ်ကြောင်း မြို့တော်ဝန်က ပြောခဲ့ပေမယ့် ဘယ်ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုတာ ပြောခဲ့ခြင်းမရှိပါဘူး။
အဲ့ဒီစီမံကိန်းကို ကိုယ်စားလှယ်နှစ်ဦးက ကန့်ကွက်ဆွေးနွေးရာ လျှို့ဝှက်စနစ်နဲ့ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ ၂ မဲ၊ ထောက်ခံမဲ ၁ဝဝ ကျော်နဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ကန့်ကွက်ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။