ရန်ကုန်မှာ လျှပ်စစ် မီးဖြတ်တောက်ဖို့ ကြေညာ
2014.07.10

ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၃၀လောက်မှာ လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြတ်တောက် မှာဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့က ဒီကနေ့ထုတ် အစိုးရသတင်း စာတွေမှာ ကြေညာလိုက်ပါတယ်။
လျစ်စစ်ဓါတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းတွေ ဆောင်ရွက်ဖို့အတွက် လျှပ်စစ်မီးဖြတ်တောက် မှာဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ် အားပေးရေးအဖွဲ့က အင်ဂျင်နီယာမှူး ဦးရန်လင်း က ပြောပါတယ်။
"သစ်ကိုင်းတွေနဲ့ ဓါတ်အားလိုင်းတွေ ရိုက်ပြီးတော့ လိုင်းပြတ်တာတွေ နောက်ပြီးတော့ သစ်ပင်သစ်ကိုင်းကျိုးကျတာတွေ၊ ထရန်စဖော်မာတို့ လောင်တာတို့ဖြစ်တယ်၊ ဖြစ်တော့ အဲဒီအပိုင်းတွေကို ကျနော်တို့က ခရိုင် ၄ ခရိုင်ရှိတယ်၊ အရှေ့ အနောက် တောင် မြောက် အဲဒီခရိုင်အလိုက် အင်အားတွေနဲ့ စုဖွဲ့ပြီးတော့ သစ်ပင်ခုတ်တယ်၊ တပြိုင်နက် ကာဗွန်ကြိုးတွေ ပြတ်နေတာတွေလုပ်ရတယ်၊ အဲဒီဟာတွေလုပ်ဖို့က မီးကပိတ်လို့မရတော့ လုပ်ဖို့အချိန်မရဘူးဖြစ်နေတယ်၊ မရတော့ အဲဒီဟာတွေက ပြန်ပြန်ပြီးဖြစ်နေတယ်၊ ကျနော်တို့သေချာလုပ်ရမယ်"
လျပ်စစ်မီး အဖြတ်ခံရမယ့် မြို့နယ်တွေကတော့ မရမ်းကုန်း၊ စမ်းချောင်း၊ လှိုင်၊ သင်္ဃန်းကျွန်း၊ တာမွေ၊ လှိုင်သာယာ၊ မင်္ဂလာဒုံစတဲ့ မြို့နယ် ၃၀လောက်မှာ မနက် ၉ နာရီကနေ နေ့လည် ၁၂နာရီထိ တစ်ကြိမ်၊ နေ့လည် ၁နာရီကနေ ညနေ ၄နာရီထိ တစ်ကြိမ် လျှပ်စစ်မီးဖြတ်တောက်မှာဖြစ်တယ်လို့ မြန်မာ့အလင်းသတင်းစာမှာ ကြေညာထားပါတယ်။
အဲ့ဒီမြို့နယ် ၃၀လောက်မှာရှိတဲ့ လူနေအိမ်တွေအပြင် စက်မှုဇုန်တွေနဲ့ CNG ဆိုင်တွေမှာပါ လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။