ရန်ကုန်မှာ စစ်အာဏာသိမ်း တစ်နှစ်အတွင်း သေဒဏ်ကျခံရသူ ၁၀၁ ဦးထိရှိလာ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး တစ်နှစ်အတွင်း ရန်ကုန်တိုင်းမှာ သေဒဏ် ချမှတ်ခံရသူဟာ RFA က ရရှိထားတဲ့ စာရင်းတွေအရ ၁၀၁ ဦးအထိရှိပါတယ်။ အဲဒီအထဲက လူ ၅၀ ဟာ တရားခွင်ရှေ့မှာ သေဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ကျန် ၅၁ ဦး ကတော့ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရတာပါ။

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြောက်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေက ဖမ်းဆီးခံရသူတွေကို စစ်ခုံရုံးတွေကနေ အဲဒီသေဒဏ်အမိန့်တွေ ချမှတ်ခဲ့ပါတယ်။

အဲဒီအထဲမှာ NLD ပါတီလွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်နဲ့ ၈၈-မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ) နှင့် ၅၀(ည) နဲ့ သေဒဏ် ချမှတ်တဲ့အကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီက
ကြေညာခဲ့တာပါ။

သူတို့နှစ်ဦးစလုံး တစ်စုံတစ်ရာ ခုခံချေပခွင့်မရဘဲ သေဒဏ် ချမှတ်ခံခဲ့ရတာလို့ ဒလမြို့နယ်က ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦးက ပြောပါတယ်။

"သူတို့နှစ်ယောက်စလုံးရဲ့အခြေအနေကို လေ့လာကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်တည်းက ပြည်သူတွေအားလုံး အဖမ်းဆီးခံ၊ အနှိပ်စက် ခံရတာတွေထဲက ပြယုဂ်တစ်ခုဖြစ်နေတယ်။ ကိုဇေယျာသော်တို့ ကိုဂျင်မီတို့က သေဒဏ်ဆိုတော့ ဒါအပြင်းထန်ဆုံး ချမှတ်ခံရတာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ပုံကိုကြည့်ခြင်းအားဖြင့် အဖမ်းဆီးခံရတဲ့အချိန်မှာ စစ်ကြောရေးကာလတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေက မရေမတွက်နိုင်အောင် ရှိနေတယ်ဆိုတာ ကျနော်တို့ သက်သေအဖြစ် ထူလို့ရနိုင်ပါတယ်။ နောက်ပြီးတော့ ဒီလိုမျိုး နိုင်ငံသားတွေကို ဖမ်းချင်တိုင်းဖမ်း၊ နှိပ်စက်ချင်တိုင်းနှိပ်စက်နေတယ်ဆိုတဲ့ ကိစ္စတွေက တကယ့်ကို လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့၊ ရန်ပြုနေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်ခင်ဗျ"

အာဏာသိမ်း စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူတွေကို သေဒဏ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ပြီး နှိပ်ကွပ်နေတာလို့ သူကပြောပါတယ်။

"၁၉၈၈ထဲက စပြီးတော့ စစ်အာဏာသိမ်းမှုကနေ ကနေ့အချိန်ထိ ကြားထဲမှာ သေဒဏ်ပေးမှုဆိုတာ လုံးဝမရှိဘူး။"

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းကလည်း သူ့ဇင်ပွန်း ကိုဂျင်မီ သေဒဏ် ချမှတ်ခံရမှုအပေါ် အာဏာသိမ်း စစ်ကောင်စီနဲ့ တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းမှာမဟုတ်ဘဲ ဒီမိုကရေစီ အောင်ပွဲအတွက် အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ RFA ကို ပြောဆိုထားပါတယ်။

ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးကတော့ စစ်ကောင်စီဟာ မျှတမှုမရှိတဲ့ သေဒဏ် စီရင်ချက်တွေနဲ့ လူထုကိုခြိမ်းခြောက်နေတာလို့ဝေဖန်ပါတယ်။

"သူတို့ရဲ့ တရားစီရင်ရေးက တရားမျှတမှုလုံးဝမရှိဘူး နောက် လွတ်လပ်မှုလည်းမရှိဘူး။ အဲတော့ သူတို့ချတဲ့ စီရင်ချက်တွေက မှန်ကန်တယ်လို့မပြောချင်ဘူး၊ နံပါတ် ၁ က သေဒဏ်ချထားတယ်ဆိုပေမယ့် ၁၉၈၈ထဲက စပြီးတော့ စစ်အာဏာသိမ်းမှုကနေ ကနေ့အချိန်ထိ ကြားထဲမှာ သေဒဏ်ပေးမှုဆိုတာ လုံးဝမရှိဘူး။ လက်တွေ့ မရှိဘူး စစ်ကောင်စီက လူထုကို တုန်လှုပ်ခြောက်ခြားအောင် ခြိမ်းခြောက်တာပါ"

NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သေဒဏ်အမိန့်တွေဟာ စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ပြောပါတယ်။

"သေဒဏ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို ထိခိုက်စေတဲ့အတွက် မကျင့်သုံးဖို့ ပြောထားပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာက လုပ်ထုံးလုပ်နည်းအရ သမ္မတကနေ အတည်ပြူရမယ်ဆိုတဲ့ လုပ်ထုံး လုပ်နည်းရှိပါတယ်၊ အဲတော့ ဒါမျိုးပုံစံမျိုး တိုင်းပြည်ရဲ့ ဥပဒေမှာတောင် ပြဌန်းထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့တောင် မကိုက်ညီတဲ့ ပုံစံမျိုးနဲ့ လုပ်ဆောင်ခြင်းက တကယ့်ကိုဆိုးရွားတဲ့ အခြေအနေဖြစ်နေပါတယ်။ အဲတော့ ခြုံပြီးပြောရမယ်ဆိုရင် မတရားတဲ့ ဥပဒေနဲ့လည်း စွဲဆိုခံထိတယ်။ သေဒဏ်ပေးမှုကိုလည်း လုပ်ထုံးလုပ်နည်း မဟုတ်ဘဲ ကြိုက်သလိုလုပ်ဆောင်နေလို့ သေဒဏ်ပေးခံရတဲ့ သူတွေအတွက် ထိခိုက်နစ်နာဆုံးရှုံးရတဲ့ အခြေအနေမျိုးဖြစ်တယ်"

သေဒဏ်ချမှတ်တာတွေကို ထောက်ပြ ဝေဖန်နေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

death penalty
(စစ်ကောင်စီပိုင် မြဝတီသတင်း ဝက်ဘ်ဆိုဒ်မှာ ဖော်ပြတဲ့ ၂၂၀၂၁ နိုဝင်ဘာ ၂၃ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချခဲ့တဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)နဲ့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်က လူငယ်တွေကို တွေ့ရစဥ်) Photo: Myawady

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က စစ်ကောင်စီရဲ့ သေဒဏ်ပြစ်မှုတွေအပေါ် လက်မခံနိုင်ဘူးလို့ပြောပါတယ်။

"စွပ်စွဲမှုတွေ၊ တရားစွဲဆိုမှုတွေက အကြမ်းဖက် အဖွဲ့အစည်းတစ်ခုက ပြည်သူတွေကို ကယ်တင်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ဒီလိုလုပ်တယ်ဆိုတာ လုံးဝကို ဖြစ်သင့်ဖြစ်ထိုက်တာ မဟုတ်သလို လုံးဝကို လက်သင့်ခံလို့ မရပါဘူး။ ဒါကိုလည်း တစ်ကမ္ဘာလုံးကရော မြန်မာနိုင်ငံသူ နိုင်သားအားလုံးကရော နားလည်ပြီး ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဖြစ်ရပ်တစ်ခုလုံးဟာ မတော်မတရားတဲ့ ဖြစ်ရပ်တစ်ခုဆိုတာ ပြောချင်ပါတယ်"

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ၁၉၇၄ ဦးသန့်အရေးအခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဗိုလ်မှူးချုပ်ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအုန်းကျော်မြင့်နဲ့ ၁၉၈၃ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှု ကျူးလွန်တဲ့ မြောက်ကိုရီးယားနိုင်ငံသား ဇင်ဘိုတို့ သေဒဏ်ကျပြီးနောက် ကွပ်မျက်ခံခဲ့ရပါတယ်။

အခု စစ်ကောင်စီရဲ့ သေဒဏ် ချမှတ်မိန့်ဟာ လူမဆန်ဘဲ၊ လူ့ဂုဏ်သိက္ခာကို ညှိုးနွမ်း စေတဲ့အပြင် လူသားတွေရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ အသက်ရှင်ခွင့်အပေါ် ချိုးဖောက်နေတဲ့ ပြစ်ဒဏ်ဖြစ်တဲ့အတွက် သေဒဏ်ကို ရုတ်သိမ်းပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆွီဒင်သံရုံးက ဇန်နဝါရီလ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။