မောင်တောကျေးရွာတွေကို သွားရောက်စဉ် လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို မစ္စယန်ဟီးလီ လိုက်ပါခွင့်မပေး

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mrs. Yanghee Lee ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ က အောင်မင်္ဂလာရပ်ကွက်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က သွားရောက်လေ့လာစဉ်
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mrs. Yanghee Lee ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ က အောင်မင်္ဂလာရပ်ကွက်ကို ဇန်နဝါရီလ ၁၃ ရက်နေ့က သွားရောက်လေ့လာစဉ် (Photo: Min Thein Aung/RFA)

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မောင်တောမြို့ နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို ဒီနေ့ သွားရောက်စဉ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လိုက်ပါခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

ကျေးရွာတွေက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လိုက်ပါခွင့်မပေးဘဲလမ်းတဝက်မှာပဲ စောင့်ခိုင်းခဲ့တယ်လို့ မစ္စယန်ဟီးလီရဲ့ ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာရုံးက ဦးအေးဝင်း က ပြောပါတယ်။

"လုံခြုံရေးအဖွဲ့တွေကို ရွာပြင်မှာနေခိုင်းပါတယ်၊ ကျနော်တို့ အဲဒီကလာတဲ့အဖွဲ့ပဲလေ အနီးကပ် UN ကလုံခြုံရေးနဲ့ပဲ ဝင်သွားပါတယ်၊ တခြား ဘယ်သူမှ မလိုက်ခဲ့ပါဘူး"

မစ္စယန်ဟီးလီဟာ ဒီကနေ့ ကျီးကန်းပြင် နယ်ခြားစောင့်ရဲဌာနချုပ်၊ ကျီးကန်းပြင် အလယ်ရွာ၊ ပြောင်ပိုက် စတဲ့ နေရာတွေကို သွားခဲ့တယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

ကုလအထူးကိုယ်စားလှယ်ဟာ မနေ့ကလည်း ရသေ့တောင်မြို့နယ်က ကိုးတန်ကောက် နယ်ခြားစောင့် ရဲဌာနချုပ်ကို သွားရောက်ခဲ့ပြီး ချိန်ခါလီမွတ်စလင် ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပါတယ်။