ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အရပ်ဘက် အဖွဲ့တွေနဲ့ တွေ့ဆုံ

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee  ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms Yanghee Lee ကို ဇူလိုင်လ ၁၈ ရက်နေ့ က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ အစိုးရတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ် (Photo: Min Thein Aung/RFA)

0:00 / 0:00

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ်သစ် Ms Yanghee Lee ဟာ အဖွဲ့ အစည်းအသီးသီးနဲ့ မနေ့ကတွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို မေးမြန်းကြားနာခဲ့ ပါတယ်။

ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ ပြည်တွင်းလူ့အခွင့်အရေး အဖွဲ့တွေ၊ ရှေ့နေတွေ၊ NGO အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ တာပါ။ Ms. Yanghee Lee နဲ့ တွေ့ဆုံခဲ့သူ Equality Myanmar လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က အခုလိုပြောပါတယ်။

"မီဒီယာသမားတွေနဲ့ ပတ်သက်လို့ မီဒီယာ သမားတွေနဲ့ သတ်သတ်တွေ့တယ် ပြီးတော့ ရှေ့နေတွေနဲ့ သီးသန့်တွေ့တယ် နောက် ပြီးတော့ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး သမားတွေ သီးသန့်တွေ့တာရှိသလို ကျနော် ဒီလူ့အခွင့်အရေးနဲ့ ဒီသဘာဝပတ်ဝန်းကျင်ကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ အဲ့ဒီလိုမျိုးအဖွဲ့တွေကို နာရီဝက် အချိန်ပေးပြီးတော့တွေ့တာဖြစ်ပါတယ် ကျနော်နေနဲ့ကတော့ ယေဘူယျ လူ့အခွင့်အရေးနဲ့ အမျိုးသမီးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖိတ်ပါတယ်"

အဖွဲ့အစည်းတွေအနေနဲ့ တစ်ဖွဲ့ကို ၂ ဦးကျစီ နဲ့ မိနစ် (၃ဝ) ကြာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဇူလိုင်လ ၁၇ရက်နေ့က ရောက်ရှိခဲ့တဲ့ Ms Yanghee Lee ဟာ မြန်မာနိုင်ငံမှာ ၂၆ရက်နေ့ အထိ နေထိုင်မှာဖြစ်ပြီး၊ ဘာသာပေါင်းစုံကခေါင်းဆောင်တွေ၊ ပြည်ထောင်စုလူ့အခွင့်အရေး ကော်မရှင် တို့နဲ့ တွေ့ဆုံခဲ့ပြီးဖြစ်သလို၊ အင်းစိန်ထောင်နဲ့ ရခိုင်ပြည်လေ့လာရေးခရီးစဉ်တွေလည်း သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်သစ် Ms Yanghee Lee နဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တဲ့ အကြောင်း နဲ့ပတ်သက်ပြီး Equality Myanmar လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်