ဝှိုက်ကဒ် (White Card) ခေါ် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းရှိတဲ့ မွတ်စလင်တွေကို လာမယ့်ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိဘူးလို့ သတ်မှတ်လိုက်တာဟာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို စနစ်တကျ ခွဲခြားဆက်ဆံမှုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီ က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာကျင်းပတဲ့ သူ့ရဲ့မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ မစ္စရန်ဟီးလီက အခုလိုထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူ သိန်းဂဏန်းလောက်ရှိမယ့် မွတ်စလင်တွေကို မဲပေးခွင့် ပိတ်ပင်လိုက်တာဟာ ခွဲခြားဆက်ဆံမှုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်၊ တချို့က ဒီလိုကိစ္စတွေကို အများကို ချပြပြောဆိုတာဟာ နှစ်ဘက်တင်းမာမှုတွေ ပိုများတဲ့သဘောရှိတာကြောင့် ထုတ်ဖော်ပြောဆိုတာ မလုပ်ဖို့အကြံပေးပါတယ်၊ ဒါပေမယ့် မိမိရဲ့ တာဝန်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုရမှာဖြစ်သလို အကောင်းဆုံး အကြံဉာဏ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်၊ ဒါ့အပြင် မိမိပြောဆိုတာဟာ မြန်မာအစိုးရလေးစားလိုက်နာရမယ့် လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီပါတယ်”
ဒါ့အပြင် အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်လည်ပတ်ခွင့် တောင်းဆိုတာကိုလည်း အစိုးရက ငြင်းဆိုလိုက်တာကိုလည်း များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း မစ္စရန်ဟီးလီက ပြောပါတယ်။ လက်ရှိအချိန်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် တရားဝင်အသိအမှတ်ပြုမှု တစ်ခုခုရလာအောင် ကြိုးပမ်းရမယ့်အချိန် ဖြစ်ကြောင်းလည်းပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ရေဘေးရင်ဆိုင်နေရချိန်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ မိမိနဲ့တွေ့ဆုံဖို့အတွက် ခေါ်လာတဲ့ ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖတွေကို တွေ့ဆုံခွင့်ရတာကိုလည်း ဝမ်းမြောက်ကြောင်းလည်း ပြောပါတယ်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟာ လက်ရှိအကျဉ်းထောင်ထဲမှာရှိနေတဲ့ အမျိုးသားပညာရေး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေ ၊ အင်းစိန်ထောင်မှာရှိနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လေ့လာခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီရဲ့ ရန်ကုန်မြို့က သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုအောင်သိင်္ခ ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။