ထောင်နဲ့ အကျဉ်းသားဦးရေ မမျှကြောင်း ကုလ ကိုယ်စားလှယ် ပြော


2016.06.27

မြန်မာနိုင်ငံက အကျဉ်းထောင်တချို့မှာ အကျဉ်းထောင်နဲ့ အကျဉ်းသားဦးရေ မမျှတတာမျိုးတွေကို တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောပါတယ်။

ဒီနေ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှာ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ Yanghee Lee တို့ တွေ့ဆုံ ရာမှာ ပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော် က ပြောပြတာဖြစ်ပါတယ်။­

"သူထောင်ထဲ သွားတွေ့ခဲ့တဲ့ကိစ္စလေးတွေပါ၊ ထောင်ထဲမှာ အိပ်ယာနေရာ ကျပ်တည်းတဲ့ အကြောင်းတွေပေါ့နော်၊ အဲ့ဒါတွေတော့ သူပြောပါတယ်၊ လူ့အခွင့်အရေးနဲ့ မြှင့်တင်ရေး မှာ ဖောင်ကြီးသင် တန်းကျောင်းတို့၊ တပ်မတော် သင်တန်းကျောင်းတွေရယ်၊ နောက်ရဲသင်တန်းကျောင်းတွေပါ သွားတယ် ဆိုတဲ့အကြောင်း ကျနော်တို့ တင်ပြတာ၊ ကျန်တာကတော့ ကျနော်တို့လည်း ထောင်တွေကို သွားရောက် စစ်ဆေးတယ် ဆိုတဲ့အကြောင်း တင်ပြတာ"

Yanghee Lee ဟာ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို သွားရောက်ခဲ့သလို ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေက အကျဉ်းထောင်တွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင် ဒီနေ့ ဆွေးနွေးခဲ့ရာမှာ ရခိုင်ပြည်နယ်ထဲက မွတ်စလင်ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုလည်း သူ့အနေနဲ့ သုံးနှုန်းပြောဆိုတာမျိုးမရှိခဲ့ဘူးလို့ ဒေါက်တာဉာဏ်ဇော် က ပြောပါ တယ်။

Yanghee Lee ဟာ လာမယ့် ဇူလိုင်လ ၁ ရက်နေ့မှာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

Yanghee Lee နဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားတာ နားဆငနိုင်ပါတယ်။

မစ္စ ယန်ဟီးလီနဲ့ သတင်းမီဒီယာ ကောင်စီဝင်တွေ ဒီနေ့တွေ့ဆုံပွဲအတွင်း မြန်မာသတင်းလောကမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို တင်ပြနိုင်ခဲ့တယ်လို့ သတင်းမီဒီယာကောင်စီရဲ့ ဥက္ကဌ ဖိုးသောကြာ က ပြောပါတယ်။ ဆရာဖိုးသောကြာ ကို မခက်မာ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။