သေဒဏ်ကို ဆိုင်းငံ့ဖို့ ရမည်းသင်း နိုင်ငံရေးအကျဉ်းသားများ တောင်းဆို
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအပေါ် သေဒဏ်စီရင်မှုကို ကန့်ကွက်ပြီး လက်တွေ့ သေဒဏ်စီရင်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ မိသားစုတွေနဲ့ ပုံမှန်တွေ့ဆုံခွင့်ပေးဖို့ ရမည်းသင်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
- 2022-07-29
-
-
-
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေအပေါ် သေဒဏ်စီရင်မှုကို ကန့်ကွက်ပြီး လက်တွေ့ သေဒဏ်စီရင်မှုတွေကို ဆိုင်းငံ့ထားဖို့နဲ့ မိသားစုတွေနဲ့ ပုံမှန် တွေ့ဆုံခွင့်ပေးဖို့ ရမည်းသင်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဇူလိုင်လ ၂၆ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က ရမည်းသင်းထောင်ကို ရောက်ရှိလာတဲ့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့တွေ့ဆုံစဉ် သေဒဏ်ကိစ္စနဲ့ပတ်သက်လို့ ကန့်ကွက်တောင်းဆို ခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ တောင်းဆိုချက်တွေကိုလည်း အုပ်ချုပ်ရေးက တာဝန်ရှိတဲ့သူတွေကို လူ့အခွင့် အရေး ကော်မရှင်ကနေ တင်ပြပေးဖို့ ပြောခဲ့တယ်။ သေဒဏ်ကျခံရသူတွေရဲ့ မိသားစု ဝင်တွေကို လူကိုယ်တိုင် တွေ့ဆုံခွင့် မရရင်တောင် ဖုန်းတို့၊ အင်တာနက်တို့ကနေ တွေ့ဆုံခွင့်ပေးဖို့ ကော်မရှင်ကို ပြောဆိုခဲ့တယ်”
အကျဉ်းထောင်တွေထဲမှာ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ရှာဖွေစစ်ဆေးမှုတွေအစား အခြားသင့်တော်တဲ့ နည်းလမ်းတွေသုံးဖို့လည်း ကော်မရှင်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို သေဒဏ်စီရင် ခဲ့ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။
အဲဒီထုတ်ပြန်ချက်ကြောင့် ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နဲ့ ပြည် အကျဉ်းထောင်တွေမှာ ဆူပူမှုတွေ ဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သေဒဏ် စီရင်မှုနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားကြ ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံထားသူတွေထဲက အမျိုးသမီးကိုးဦး အပါအဝင် စုစုပေါင်း ၇၆ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံထားရပါတယ်။