ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ တုန့်ပြန်ချက်ကို ပြန်ပြီး ချေပခုခံဖို့ လူ့အခွင့်အရေး ကောင်စီကို ဒီကနေ့ စာတင်လိုက်ပြီလို့ အာရှ လူ့အခွင့်အရေး ကော်မရှင် AHRC က ပြောပါတယ်။ ကိုစည်သူဇေယျနဲ့ ဖခင်ဖြစ်သူ စာရေးဆရာ သားကြီး မောင်ဇေယျ တို့ကို ဖမ်းဆီး စစ်ဆေးတာဟာ တရားရုံးရဲ့ အမိန့်နဲ့ ဖြစ်တယ်လို့ မြန်မာ အစိုးရက လူ့အခွင့်အရေး ကောင်စီကို ချေပလာတာကြောင့် ဒီအချက်ဟာ မဟုတ်မမှန်ဘူး ဆိုတာ ပြန်ပြီး ရေးသား တင်ပြမှာ ဖြစ်တယ်လို့ AHRC ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းလွင်ဦး က အာအက်ဖ်အေကို ပြောပါတယ်။ သူတို့ကို ဖမ်းဆီးချိန်မှာ တရားရုံးမိန့်မပါ၊ ရမန် ယူထားတာမရှိ ၊ လူဖမ်းဝါးရမ်းလည်း မပါဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း၊ ဧပြီလလယ်ပိုင်းလောက်က ဖမ်းဆီးသွားခဲ့ပြီး မေလ (၄) ရက်နေ့ကျမှ ရဲစခန်းက စပြီး အမှုဖွင့်တာ ဖြစ်လို့ မတရား ဖမ်းဆီးမှု မြောက်ကြောင်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းထားသူတွေရဲ့ အမှုတွေကို လူ့အခွင့်အရေး ကောင်စီရဲ့ ဥပဒေမဲ့ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ အလုပ်အဖွဲ့ဆီကို AHRC က လွန်ခဲ့တဲ့ နှစ်လက အစီရင်ခံ တင်ပြ ခဲ့တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။ အဲဒီထဲက ကိုစည်သူဇေယျတို့ အမှုကို လူ့အခွင့်အရေး ကောင်စီကနေ စုံစမ်း စစ်ဆေးနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုစည်သူဇေယျဟာ ထောင်ဒဏ် ၈ ရှစ် ချမှတ်ခံထားရပေမယ့် သူ့ကို အီလက်ထရောနစ် ဥပဒေ ပုဒ်မနဲ့ အစိုးရက ထပ်ပြီး စွဲဆိုထားပါတယ်။ ဖခင်ဖြစ်သူ ဦးမောင်မောင်ဇေယျ ခေါ် စာရေးဆရာ သားကြီး မောင်ဇေယျကိုတော့ ထောင်ဒဏ် ၁၅ နှစ်ကျော် ချမှတ်ထားပြီး ရှမ်းပြည် မြောက်ပိုင်း သီပေါထောင်ကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ပြောင်းရွှေ ထိန်းသိမ်း ထားပါတယ်။
စည်သူဇေယျတို့သားအဖအမှု ကုလ လူ့အခွင့်အရေး ကောင်စီ ဆက်လက် စုံစမ်း
၂၀၁၀ ခုနှစ်က ရန်ကုန် X2O ရေကစားမဏ္ဍပ်ရှေ့ ဗုံးကွဲတဲ့ ဖြစ်ရပ်ကို သတင်းဓာတ်ပုံ ရိုက်ယူခဲ့တာကြောင့် ထောင်ချ ခံထားရတဲ့ ကိုစည်သူဇေယျတို့ သားအဖ နှစ်ဦးစလုံးရဲ့ အမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆက်လက် ကိုင်တွယ် စုံစမ်းနေတယ်လို့ သိရပါတယ်။
