စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန် အနိစ္စရောက်


2013.08.11
journalists-association-b305 ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ကျင်းပရာတွင် အသင်း ဥက္ကဋ္ဌ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ စကားပြောဆိုနေစဉ်။
RFA

ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသ (အသက် ၆၈-နှစ်)ဟာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ အဆုတ်ကင်ဆာ ရောဂါအတွက် ဆေးဝါး ကုသမှုခံယူရင်း ဒီကနေ့ မနက် ၆နာရီ ၁၅မိနစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဆရာမောင်ဝံသရဲ့ နောက်ဆုံးအခြေအနေတွေကို သမီးဖြစ်သူ မလတ်လတ်စိုးက အခုလို ပြောပြပါတယ်။

"ဦးနှောက်ထဲမှာ အကျိတ်နှစ်ခု ပျံ့နေတယ်၊ ဆရာမတွေက မတွေးရဘူး၊ စာမရေးရဘူးလို့ ပြောထားတယ်၊ ဒါပေမယ့် ရှစ်လေးလုံးအတွက်ကို လက်ရေး အေဖိုး ရှစ်မျက်နှာနဲ့ ရေးသွားပါတယ်၊ အဲဒီဥစ္စာကို ပြည်သူ့ခေတ်ဂျာနယ် အမှတ် ၁၅၇ ပြောချင်လွန်းလို့ကဏ္ဍမှာ ထည့်ထားပါတယ်၊ ဒါဖေဖေ့ နောက်ဆုံးဆောင်းပါးပါ"

သတင်းစာဆရာ မောင်ဝံသဟာ ပြည်သူ့ခေတ်ဂျာနယ်ကို ၂ဝ၁ဝ ခုနှစ်က စတင်ထုတ်ဝေပြီး အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(MJA)ရဲ့ ဥက္ကဌ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ထမ်းခဲ့သလို ၂ဝ၁၁၊ ၂ဝ၁၂ ခုနှစ်တွေအတွက် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်အတွက် အမျိုးသားသတင်းဆုကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

၁၉၇၃ ခုနှစ်မှာ ဒေါက်တာဟင်နရီ ကစ်ဆင်းဂျား နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ်အပါအဝင် စာပေသက်တမ်းအတွင်း ၂ဝ၁၂ ခုနှစ်အထိ စာအုပ်ပေါင်း ၆၂ အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။

ဒါ့အပြင် လောလောဆယ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းမှာလည်း ဘဏ္ဍာထိန်းအဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။