စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်
2014.10.25

လူငယ်မျိုးဆက်သစ်တွေ တိုးတက်စေဖို့အတွက် စာပေတွေ ရေးသားဟောပြောပေးခဲ့ပြီး နာရေးကူညီမှု အသင်း (ရန်ကုန်) စတင်ထူထောင်ခဲ့စဉ်မှာ ပါဝင်ခဲ့သူ စာရေးဆရာကြီး ဦးအောင်သင်း ၈၇ နှစ်ဟာ ဒီနေ့ မနက်ပိုင်းက နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ဒီနေ့ မနက် ၁၁နာရီက စမ်းချောင်းမြို့နေအိမ်မှာ ကွယ်လွန်သွားတာဖြစ်ကြောင်း ဦးအောင်သင်း ရဲ့ ချွေးမဖြစ်သူ ဒေါ်မိုးမိုးက ပြောပါတယ်။
"မမာတာတော့ နည်းနည်းကြာသွားပြီ ဒါပေမဲ့ တော်တော်လေးပြန်ကောင်းလာတဲ့ အနေ အထားလို့ ထင်နေတာနဲ့ပဲ မနက်ကကျတော့ မနက်စာလေးကျွေးခါနီး တစ်ချက်အမောဖောက် သွားတာ ချွဲပိတ်သလိုမျိုးဖြစ်သွားတယ်၊ အာရှတော်ဝင် ကိုသွားတာပါ၊ ချွဲထုတ်လိုက်ရင် သက်သာသွားမယ်လို့ ထင်တာပေါ့နော် ၊ သွေးပေါင်တော်တော်ကျသွားပြီမို့ သူတို့ဘာမှလုပ်လို့ မရတော့ဘူးတဲ့၊ ကျမတို့ အိမ်ပြန်ခေါ်လာတယ်၊ အချိန်က ၁၁ နာရီ ၄ မိနစ်မှာ ဆုံးသွားပါတယ်ရှင်"
လာမယ့် တနင်္လာနေ့ နေ့လည် ၃ နာရီမှာ ဆရာကြီးရဲ့ ရုပ်ကလာပ်ကို ရေဝေးသုဿာန်မှာ မီးသြင်္ဂိုဟ်မှာဖြစ်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ကို သူနဲ့အတူ စတင်ထူထောင်ခဲ့တဲ့ ဆရာကြီး ဦးသုခရဲ့ ဂူဘေးမှာ ဂူသွင်းမယ်လို့လည်း သိရပါတယ်။
ဆရာကြီးဟာ ၁၉၂၇ ဧပြီလ ၁၇ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ တောင်ပြင်ရပ် မှာ မွေးဖွားခဲ့ပြီး ၁၉၄၇မှာ ပြည်သူ့ရဲဘော်အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ၁၉၅၉ခုနှစ် မြဝတီမဂ္ဂဇင်းမှာ သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးကို ပထမဆုံးရေးသားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရင်း အောင်သင်းဆိုတဲ့ ကလောင်အမည် နဲ့ ဆောင်းပါးတွေ၊ စာတမ်းတွေ ရေးသားပြုစုခဲ့ပါတယ်။ တက္ကသိုလ်ဆရာအဖြစ် တာဝန်ထမ်းဆောင်စဉ်က အာဏာရှင် ဦးနေဝင်းလက်ထက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်မှ ရာထူးအခွင့်အလမ်းတက်မှာဖြစ်ပေမယ့် ဆရာဦးအောင်သင်းက ပါတီမဝင်ဘဲ တာဝန်ထမ်းခဲ့တာဖြစ်ပါတယ်။
ဆရာ ဦးအောင်သင်းဟာ မြန်မာနိုင်ငံအနှံ့ စာပေဟောပြောပွဲတွေကို နှစ်စဉ်လိုလိုသွားရောက်ဟော ကြားခဲ့ သလို လူငယ်တွေ ကိုယ်ကျင့်တရားကောင်းဖို့၊ စာပေမြတ်နိုးဖို့၊ တိုင်းပြည်အရေး လုပ်ဆောင်ဖို့ အမြဲလိုလို တိုက် တွန်းအားပေးခဲ့သူဖြစ်ပါတယ်။
ဆရာကြီးဟာ ကွယ်လွန်ကာနီးအချိန်အထိ လူငယ်မျိုးဆက်သစ်တွေ တိုင်းပြည်အပေါ် တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဆောင်နိုင်ဖို့အတွက် အမြဲအားထုတ်နေသူဖြစ်ကြောင်းလည်း မိသားစုဝင်တွေက ပြောပါတယ်။
အခုလို ထင်ရှားတဲ့ စာရေးဆရာ၊ စာပေဝေဖန်ရေးဆရာ၊ ဆရာဦးအောင်သင်းကွယ်လွန်သွားတဲ့အတွက် သူနဲ့ခေတ်ပြိုင်စာပေပညာရှင်တွေက နှမြောတသကြသလို၊ နောက်မျိုးဆက်စာပေပညာရှင်တွေကလည်း အထူးဝမ်းနည်းကြပါတယ်။ ဒီအကြောင်းတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။