အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေ နောက်ထပ်ဆောက်မှာကို စိုးရိမ်နေကြ


2018.11.03
dam-and-unsafe-life-622.jpg "ရေကာတာနဲ့ ပြည်သူ့ဘဝမလုံခြုံမှုများ မြန်မာမြစ်များအတွက် လာအိုနိုင်ငံမှ သင်ခန်းစာယူခြင်း" အခမ်းအနားကို ၂၀၁၈၊ နိုဝင်ဘာ ၂ ရက်နေ့က ကျင်းပစဉ်
Photo: Zarni Htun/ RFA

လာအိုနိုင်ငံက XP-XN ဆည် နဲ့ မြန်မာနိုင်ငံက ဆွာဆည်ကျိုးပေါက်ပြီး ပြည်သူတွေ ထိခိုက်ခံစားရတာ ကို ဥပမာယူပြီး အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်တန့်ပေးဖို့ သဘာ၀ ပတ်ဝန်းကျင်အဖွဲ့တွေနဲ့ ဆည်အန္တရာယ် စိုးရိမ်တဲ့သူတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ဆည်တွေကနေ ရရှိလာတဲ့ အကျိုးအမြတ်ဟာ ကုမ္ပဏီတွေ၊ အစိုးရတွေကသာ ခံစားကြရပြီး တကယ့်လက်တွေ့ ဒုက္ခရင်ဆိုင်ရတဲ့အခါမှာတော့ ဒေသခံတွေသာ ခံစားရတာကို သင်ခန်းစာယူပြီး အခုလို ကန့်ကွက်ကြတာလို့ သိရပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ "ရေကာတာနဲ့ ပြည်သူ့ဘဝမလုံခြုံမှုများ မြန်မာမြစ်များအတွက် လာအိုနိုင်ငံမှ သင်ခန်းစာယူခြင်း" အခမ်းအနားမှာ အခုလို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဆည်တွေကို စွမ်းအင်ရရှိဖို့သာ ရည်ရွယ်ခဲ့ကြပေမယ့် ဒေသခံတွေအတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ၊ လူမှုဘ၀ ထိခိုက်တာတွေ၊ ပြည်သူဘ၀ လုံခြုံမှု နည်းတာတွေကြောင့် နောက်ထပ် ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို မလုပ်သင့်ဘူးလို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ လာအိုနိုင်ငံက XP-XN ဆည်ကျိုးတာကြောင့် ရွာပေါင်း ၆ ရွာ အားလုံး ပျောက်ဆုံးသွားခဲ့တဲ့ အပြင် လူပေါင်း ၁၉ ယောက် သေဆုံးပြီး အယောက် ၁၃၀ ကျော် ပျောက်ဆုံးတယ်လို့ UN Report တွေအရ သိရပါတယ်။

တဆက်တည်းမှာပဲ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်မှာ သြဂုတ် ၂၉ ရက်က ဆွာချောင်းဆည်ကျိုးတာကြောင့် သေဆုံးသူ ၄ ယောက် ပျောက်ဆုံးသူ ၃ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ထပ်တည်ဆောက်ဖို့ လျာထားတဲ့ ဆည်တွေကတော့ ဧရာဝတီမြစ်မှာ ၃၄ ခုဖြစ်ပြီး မဂ္ဂါဝပ်ပေါင်း ၂ သောင်းကျော်၊ ချင်းတွင်းမြစ်မှာတော့ ၈ ခု မဂ္ဂါဝပ်ပေါင်း ၃ ထောင်ကျော်၊ စစ်တောင်းမြစ်မှာတော့ ၁၁ ခုရှိပြီး မဂ္ဂါဝပ်ပေါင်း ၁ ထောင်ကျော်၊ သန်လွင်မြစ်မှာ ၂၁ ခုရှိပြီး မဂ္ဂါဝပ်ပေါင်း ၁၇၀၀ ကျော်၊ မဲခေါင်မြစ်မှာ ၄ ခုရှိပြီး မဂ္ဂါဝပ်ပေါင်း ၇၀၀ ကျော်နဲ့ တခြားမြစ်တွေမှာ ၁၄ ခုရှိပြီး မဂ္ဂါဝပ်ပေါင်း ၁၇၀၀ ကျော် ရှိတယ်လို့ လျှပ်စစ်ဝန်ကြီးဌာန က ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။