ကမ္ဘာ့ဘဏ်၏ အခြေပြစာရင်း တွင် မြန်မာအောက်ဆုံးက ပါဝင်နေ
2013.10.30
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။
ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ဖို့ အကောင်းဆုံးနဲ့ အဆိုးဆုံး နိုင်ငံများစာရင်းပါ နိုင်ငံပေါင်း ၁၈၉ နိုင်ငံထဲမှာ မြန်မာက အဆင့် ၁၈၂ မှာရှိပါတယ်။
မြန်မာရဲ့နောက်မှာ အီရီထရီးယား၊ ချတ်၊ ဆူဒန် စတဲ့နိုင်ငံတွေရှိပါတယ်။ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်နေတဲ့ Doing Business Report ခေါ် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေး အခြေပြနိုင်ငံများစာရင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာ နှစ်နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီနှစ်ပထမဆုံးအကြိမ် ထည့်သွင်းဖော်ပြခဲ့တာပါ။
ကမ္ဘာ့ဘဏ်ရဲ့ စာရင်းမှာ စီးပွားရေး စတင်ဆောင်ရွက်တဲ့နေရာမှာ လွယ်ကူမှုအခြေအနေ၊ ခက်ခဲတဲ့အခြေအနေတွေ အပေါ်မုတည်ပြီး နိုင်ငံတွေကို အဆင့်သတ်မှတ်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း စတင်ထူထောင်ဖို့၊ စရိတ်စက ကြီးမားလွန်းပြီး၊ လုပ်ငန်းထူထောင်ဖို့ အဆင့်တွေကလည်း ခက်ခဲကြာမြင့်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကုမ္ပဏီတစ်ခု မှတ်ပုံတင်ဖို့ ၇၂ ရက်လောက်ကြာမြင့်ပေမယ့် စင်္ကာပူနိုင်ငံမှာ သုံးရက်တောင်မကြာဘူးလို့ ဆိုပါတယ်။
ဒါ့ပြင် ဥပဒေဟောင်းတွေကို အသစ်တွေနဲ့ အစားထိုးရဦးမှာဖြစ်သလို လုပ်ငန်းကန်ထရိုက်ဆိုင်ရာကိစ္စတွေမှာလည်း တီမောနိုင်ငံထက် နည်းနည်းပဲသာတယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။