ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲ ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင် များကို ဖိတ်မည်
2013.09.24

မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်လက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန်စတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးမှာ ဦးဆောင်ဦးရွက်နေပြုသူတွေ ကိုပါ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့နဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ မှာ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီးဦးအောင်မင်းက အခုလို ပြောကြားခဲ့တာလို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးက အခုလိုပြောပါတယ်။
“ဒါမျိုးတော့ အစီအစဉ်ရှိတယ်ဆိုတဲ့ဟာတော့ ကျနော်တို့သိထားတယ်၊ အဲဒီကိစ္စတွေက ဦးအောင်မင်းကလည်း တိုင်းရင်းသားတွေကို ရှင်းပြတဲ့အခါတွေမှာလည်းပါတယ်လေ၊ ဒီလိုမျိုးလုပ်ပြီဆိုရင် နိုင်ငံတကာမှာရှိတဲ့ အထင်ကရရှိတဲ့သူတွေရဲ့ ရှေ့မှောက်မှာလည်း ဒါကိုထိုးတဲ့သဘောပါ”
ဒီလက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလအတွင်း ပြုလုပ်နိုင်အောင် ကြိုးစားနေပြီး သမ္မတ၊ ဒုသမ္မတတွေနဲ့၊ ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးကြမယ်လို့ဆိုပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့စည်းတွေချည်းသာ ပါဝင်လက်မှတ်ရေးထိုးမယ်ဆိုရင် ကတိကဝတ် ပျက်ပြယ်သွားနိုင်တဲ့အတွက် နိုင်ငံတကာ အသိအမှတ်ပြုခေါင်းဆောင်တွေပါပါဝင်ဖို့ အခုလိုဖိတ်ကြားမှာဖြစ်တယ်လို့ ဦးအောင်မင်းက ပြောကြားခဲ့ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
ဒေါက်တာ မင်းဇော်ဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။