AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို
2013.12.01

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ လမ်းလျှောက်ပွဲကို ဒီကနေ့မနက်ပိုင်းက ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပရာ မြန်မာနိုင်ငံသား ၁၀၀၀ ကျော်က ရဲစခန်းဝင်းကနေ မြို့လယ်လမ်းအတိုင်း မယ်တော်ဆေးခန်းကို ချီတက်ခဲ့ကြပါတယ်။
HIV /AIDS နဲ့ပတ်သက်တဲ့ ပညာပေး လက်ကမ်းစာစောင်တွေနဲ့ ကွန်ဒုံတွေဖြန့်ဝေခဲ့ပြီး ပိုစတာတွေ ဒိုးပတ်ဝိုင်း သံချပ်ဝိုင်းစတဲ့ ပုံစံမျိုးစုံနဲ့ လူထုကို အသိပေးလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။
ကမ္ဘာ့အေအိုက်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားကိုတော့ မယ်တော်ဆေးခန်းဝင်းအတွင်းမှာ ပြုလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ HIV ပိုးကူးဆက်ခံထားရသူတစ်ဦးက HIV ပိုးကူးစက်တာကို ကာကွယ်တားဆီးကြမယ်ဆိုရင် ခွဲခြားဆက်ဆံမှုပပျောက်ဖို့လိုကြောင်း အခုလိုပြောပါတယ်။
"ကျနော်တို့ HIV ကို ထိရောက်စွာ ကာကွယ်တားဆီးချင်တယ်ဆိုရင်တော့ ခွဲခြားဆက်ဆံမှုကို ပပျောက်ဖို့ လိုပါတယ်၊ အထူးသဖြင့်တော့ လိင်တူဆက်ဆံသူ ဂေး၊ လက်စ်ဘီရန်နဲ့ sex worker တွေကို ညီတူညီမျှ ဆက်ဆံပေးဖို့လိုပါတယ်၊ ဒါမှ သူတို့နဲ့ ရင်းရင်းနီးနီး နှစ်သိမ့်ဆွေးနွေးမှု ပြုနိုင်မှာဖြစ်ပြီး HIV ကာကွယ်တားဆီးတဲ့နေရာမှာ ပူးပေါင်းပါဝင်လာမှာဖြစ်ပါတယ်၊ နောက်ပြီး HIV ပိုးကူးစက်ခံရသူတွေအတွက် ARV ဆေးရနေပါပြီ ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း တိတိကျကျ လိုက်နာမယ်ဆိုရင် ကျနော်တို့တွေဟာ ထူးခြားတဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ကို ရင်ဆိုင်လာနိုင်မှာပါ"
မိသားစုနဲ့ ပတ်ဝန်းကျင်က ပစ်ပယ်မှာစိုးရိမ်ပြီး ဆေးစစ်မခံပဲ နေရင်းကနေ ပိုပြီးပြန့်ပွားလာတယ်လို့ ဒေါက်တာလွဏ်းဆွေ က ခုလိုပြောကြားခဲ့ပါတယ်။
"တကယ် ကိုယ့်ကိုယ်ကို HIV ရှိတယ်လို့ သံသယရှိတဲ့သူတွေကလည်း ကြောက်ပြီးတော့ပေါ့နော် ဒီပတ်ဝန်းကျင်က ကိုယ့်ကို စွန့်ပယ်မှာစိုးပြီးတော့ လာပြီးတော့ ဆေးစစ်ခံတာတို့ ဘာတို့ မလုပ်ရဲဘဲနဲ့ ပုန်းရှိုးကွယ်ရှိုးနေရင်းကနေ ပိုပြီးတော့ ရောဂါတွေက ပြန့်ပွားလာတယ် လို့သိရပါတယ်၊ အဲ့ဒါကြောင့်မို့လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ကုရာနတ္ထိဆေးမရှိ မုချသေမည်တို့၊ ဘယ်သူမပြုမိမိမှု ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ခံပေတော့လို့ ဆိုတာမျိုးတွေ မပြောကြဖို့ အားလုံးကို မေတ္တာရပ်ခံတာကို ကျနော်တို့က ဖတ်ရရှုရပါတယ်"
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ Getting to Zeroဖြစ်ပြီး HIV ပိုးကူးစက်မှု သုံည ခွဲခြားနှိမ်ချဆက်ဆံမှု သုံည၊ AIDS နဲ့ ဆက်စပ်သေဆုံးမှု သုံည အထိကျဆင်းဖို့ ရည်ရွယ်ထားတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။
AIDS ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ကာတွန်း၊ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတွေလည်း မယ်တော်ဆေးခန်းက ကမကထပြုပြီး ကျောင်းသူကျောင်းသားတွေကို စာမူဖိတ်ခေါ် ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။
ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲနဲ့ အခမ်းအနားကို CDC၊ SAW အထက်တန်းကျောင်းက ကျောင်းသူကျောင်းသားတွေ world Vision အပါအဝင် ကျန်းမာရေးပညာပေးရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့ NGO အဖွဲ့အစည်းတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးလုပ်သားတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။