ပင်လုံညီလာခံ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းမည်
2013.11.29

ပင်လုံညီလာခံလို အနှစ်သာရရှိတဲ့ ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ဖို့အတွက် ကနဦးအလုပ်အဖွဲ့ကို လာမယ့်ဒီဇင်ဘာလထဲမှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ရှစ်လေးလုံး ငွေရတုေ ကာ်မတီ ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိုနှိုင်းပြီး ပင်လုံညီလာခံလို ပြည်ထောင်စုညီလာခံ ကျင်းပနိုင်ဖို့ ဒီကော်မတီက ကြားခံအနေနဲ့ လိုက်လံဆွေးနွေးပေး မှာဖြစ်ပါတယ်။
ကနဦးကော်မတီမှာတော့ နိုင်ငံရေး ပါတီခေါင်းဆောင်တွေကို ထည့်သွင်းမထားသေးဘဲ လွှတ်တော်ပြင်ပက နိုင်ငံရေးအင်အားစုတွေကို စုစည်းမှာဖြစ်တယ်လို့ ရှစ်လေးလုံးအရေးတော် ပုံ ငွေရတုကော်မတီအဖွဲ့ဝင် ဦးတိုးကျော်လှိုင်က RFA ကိုပြောပါတယ်။
“လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများကို အဓိကထားပြီးတော့ စုစည်းတာဖြစ်တဲ့အတွက်ကြောင့် ဒီကနဦးကော်မတီထဲမှာ နိုင်ငံရေးပါတီတွေ မပါဝင်သင့်ကြောင်းကို ကျနော်တို့ ဆုံးဖြတ်ထားတာရှိပါတယ်၊ ဒါပေမယ့်လို့ ဒီအဆင့်မှာပြောတာပါ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုဦးတည်ပြီး သွားမှာဖြစ်တဲ့အတွက်ကြောင့် နောက်အဆင့်တွေမှာတော့ နိုင်ငံရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေအားလုံးနဲ့ ပေါင်းစပ်ပြီးလုပ်ကိုင်ရမှာပါ၊ ဒီရွေးချယ်မှုနည်းစနစ်နဲ့ ပတ်သက်ပြီးတော့ တချို့ criterion လေးတွေကိုသာ နိဒါန်းအရ စဉ်းစားထားတာဖြစ်ပါတယ်”
ဒါ့အပြင် နောက်ပိုင်းဖွဲ့စည်းမယ့် ကော်မတီထဲမှာတော့ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ထည့်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကကျင်းပခဲ့တဲ့ ရှစ်လေးလုံးငွေရတု ကြေညာချက်တွေထဲမှာပါဝင်တဲ့ ပြည်ထောင်စုညီလာခံ ကျင်းပနိုင်ရေးဆိုတဲ့အချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ပြည်နယ်အဆင့် အမျိုးသားညီလာခံတွေကျင်းပပြီးမှ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပင်လုံကဲ့သို့ ညီလာခံကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုကြောင်း ကယားပြည်နယ်က လူငယ်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှာရှိတဲ့ ကက်သလစ်ဓမ္မာရုံမှာ လူငယ်အဖွဲ့ အစည်းတွေ စုပေါင်းကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ ကြေညာချက်ထုတ်ပြန်တာဖြစ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ခွန်းအသန်းက ပြောပါတယ်။