အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာယာမြို့နယ် တွေက အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားတာကို အာဏာပိုင်တွေကက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
-
2012-10-20 -
-
-
ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမား (၂၀၀)ကျော်ဟာ မနက်ဖြန် အောက်တိုဘာလ ၂၂ ရက်နေ့ မနက် (၉)နာရီမှာ ဆန္ဒထုတ်ဖော်မှာ ဖြစ်ပြီး တနေ့ထဲမှာပဲ လှိုင်သာယာမြို့နယ်က အလုပ်သမား(၁၅၀) ကျော်ဟာလည်း အလားတူ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ်က အလုပ်သမား (၅၀၀)ကျော်ကတော့ အောက်တိုဘာလ (၂၃)ရက်နေ့ မနက် (၈)နာရီခွဲမှာ ဆန္ဒပြမှာ ဖြစ်ပါတယ်။
အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာတွေကို အစိုးရသိအောင် ဆန္ဒထုတ်ဖော်တာလို့ ဒဂုံဆိပ်ကမ်းမြို့နယ် ဆန္ဒပြပွဲ ဦးဆောင်သူ နီလာစတား စက္ကူစက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုအောင်မိုးက RFAကို ပြောပါတယ်။
ဆန္ဒပြမယ့် အခြေခံ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်တွေကို အဓိက တောင်းဆိုသွားမှာဖြစ်ပြီး အစိုးရဖက်က အလုပ်သမားအရေး ဆောင်ရွက်မှုတွေကို အလေးထား ဖြေရှင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြကြတာ ဖြစ်တယ်လို့ သိရပါတယ်။