မြန်မာနိုင်ငံ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်လေးတွေကို ကူညီနိုင်ဖို့အတွက် ရိုးမဘဏ်ကို ဒေါ်လာ ငါးသန်း ချေးငွေထုတ်ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်လက်အောက်ခံ IFC အဖွဲ့က ကြေညာလိုက်ပါတယ်။
ဘဏ်တွေကနေ ချေးငွေလုံလုံလောက်လောက် မရရှိတဲ့အတွက် လုပ်ငန်းတွေကိုတွင်ကျယ်အောင် မတိုးချဲ့နိုင်ဘူးဆိုတဲ့အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းရှင်တွေကို ကူညီဖို့ပထမဆုံး ချမှတ်လိုက်တဲ့ အစီအစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းတွင်ကျယ်မှု ရရှိလာရင်လာမယ့် နှစ်အနည်းငယ်မှာချေးငွေ ဒေါ်လာ သန်း ၃၀ အထိ တိုးမြှင့်ပေးသွားမယ် လို့လည်း သိရပါတယ်။
အမေရိကန်အခြေစိုက် Herzfeld & Ruben အဖွဲ့က မြန်မာနိုင်ငံမှာ စီးပွါးရေးလုပ်ငန်း စုစုပေါင်းရဲ့ ၇၀ ရာနှုန်းကို အမေရိကန် အစိုးရက နာမည်ပျက်စာရင်းထဲထည့်ထားတဲ့ ခရိုနီ မိသားစုတွေက လက်ဝါးကြီးအုပ်ထားကြောင်း၊ အသေးစားလုပ်ငန်းရှင်လေးတွေအတွက် လှုပ်ရှားစရာ အနည်းငယ်သာရှိကြောင်း မကြာသေးခင်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။