အောင်စိန် ချည်မျှင်နှင့် ဆေးဆိုးစက်ရုံ အလုပ်သမားဆန္ဒပြ
2012.08.01
အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ၊ မန္တလေးတိုင်း ဒေသကြီး လယ်ယာ၊ သစ်တောနဲ့ သတ္တုတွင်းဝန်ကြီး ဦးသန်းစိုးမြင့်တို့ ပါဝင် ဆွေးနွေး ညှိနှိုင်းကြပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က မလိုက်လျောဘူးလို့ အလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။
"စက်ရုံတွင်း ဆန္ဒထုတ်ဖော်တဲ့ ဒီ အလုပ်သမားထုနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါကျတော့ သူဋ္ဌေးကနေပြီးတော့ သူအလုပ်ထုတ်ထားတဲ့ အလုပ်သမား ၁၀ ဦးကို စက်ရုံတွင်း ပြန်မခန့်နိုင်ဘူး။ သူဋ္ဌေးက ကြွေးကြော်လိုက်တယ်"
အောင်စိန် ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းလို့ဆိုပြီး ကိုဇော်မြတ်သူ၊ ကိုသက်နှင်းအောင်၊ ကိုမျိုးဇော်သူ၊ ကိုသန်းထွန်းလင်း၊ ကိုမျိုးကိုကိုတို့ အပါအဝင် အလုပ်သမား (၁၀)ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ(၁၃) ရက် နေ့က အလုပ်ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။
အလုပ်သမားအဖွဲ့ ဖွဲ့စည်းလို့ အလုပ်ထုတ်လိုက်သူတွေ ပြန်ခန့်ပေးဖို့၊ ဖိနှိပ်ချုပ်ချယ်ခြင်း မလုပ်ဖို့၊ ယခင်ဆန္ဒပြစဉ်က သဘောတူထားတာတွေ လိုက်နာပေးဖို့နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀ ပြန်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။