အနိမ့်ဆုံးလုပ်ခ တစ်ရက် တစ်ထောင်ကျပ် သတ်မှတ်

မြန်မာနိုင်ငံ အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခအဖြစ် တစ်ရက် ကျပ်ငွေတစ်ထောင်နှုန်းကို အလုပ်သမားရေးရာ အာဏာပိုင်တွေက သတ်မှတ်လိုက်ကြောင်း ဆင်ဝှာသတင်းက ဖော်ပြပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။ (RFA)

ဒီသတ်မှတ်ချက်ကို ဒီလမှာ စတင်မယ်လို့ ဆိုပါတယ်။ အခြေခံ တစ်ရက်လုပ်ခအဖြစ် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာ ၂၅ ဆင့်နဲ့ ညီတဲ့ မြန်မာကျပ်ငွေ တစ်ထောင်နဲ့တကွ တခြားခံစားခွင့်တွေ၊ ဆုကြေးတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ သီတင်းပတ် တစ်ပတ်မှာ အလုပ်လုပ်ချိန် ( ၄၄) နာရီ သတ်မှတ်ထားပြီး တစ်ပတ်မှာ အချိန်ပိုလုပ်ချိန် ( ၂၂) နာရီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကစပြီး ရန်ကုန်မြို့မှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အနိမ့်ဆုံးလုပ်ခ တစ်လ ကျပ်နှစ်သောင်းရရှိဖို့၊ အချိန်ပိုကြေးပေးဖို့၊ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တွေအတွက် လုပ်ခ မဖြတ်တောက်ဖို့ စတဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။