အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဆန့်ကျင်ရေး လှုပ်ရှားမှု စတင်

တစ်ကမ္ဘာလုံးမှာရှိကြတဲ့ အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့မှာ ဒီကနေ့ အမျိုးသမီး၊ အမျိုးသားအရွယ်စုံ အင်အားနှစ်ရာလောက်စုပေါင်းပြီး ဆန္ဒထုတ်ဖော် ကပြဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့မှာ One Billion Rising Myanmar လှုပ်ရှားမှုအဖြစ် စုပေါင်းကပြ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့စဉ်
တစ်ကမ္ဘာလုံးက အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတာတွေ ရပ်တန့်ဖို့အတွက် ရန်ကုန်မြို့မှာ One Billion Rising Myanmar လှုပ်ရှားမှုအဖြစ် စုပေါင်းကပြ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့စဉ် (Photo: One Billion Rising Myanmar)

မနက် ၆ နာရီကနေ ၈ နာရီအထိ နှစ်နာရီကြာအောင် ပြည်သူ့ရင်ပြင်၊ အင်းလျားကန်ဘောင်၊ ကန်တော်မင်္ဂလာပန်းခြံ၊ ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ Junction Square၊ ဒဂုံစင်တာ၊ တော်ဝင်စင်တာနဲ့ ဦးထွန်းလင်းခြံလမ်းတို့မှာ ပြုလုပ်ခဲ့ကြတာပါ။

ဒီကနေ့ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော် ကပြဖျော်ဖြေမှုနဲ့ ပတ်သက်ပြီး ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ မထက်ထားက RFA ကို အခုလို ပြောပြပါတယ်။

"ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတွေ သန်း (၁၀၀၀) လောက်က အဓမ္မပြုကျင့်ခံရဖို့ အခြေအနေတွေရှိနေတယ်၊ အဲ့အမျိုးသမီးတွေအတွက် တောင်းဆိုဆန္ဒထုတ်ဖော်တဲ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပတာပါ"

အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံနေရတာကို ရပ်တန့်ကြဖို့ အခုလိုဆန္ဒထုတ်ဖော်တဲ့ပွဲဟာ တစ်နိုင်ငံလုံးအနေနဲ့ပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ လူဦးရေ နှစ်ရာဝန်းကျင်လောက် ဝင်ရောက်ကပြခဲ့ပါတယ်။

အဲဒီလို အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်ခံရတဲ့ အခြေအနေတွေ ရပ်တန့်ဖို့အတွက် နောက်ပိုင်းမှာလည်း ထပ်မံကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။