ကချင်နဲ့ ရှမ်းမြောက်က တိုက်ပွဲတွေ ရပ်တန့်ဖို့ အမျိုးသမီး အဖွဲ့တွေ တောင်းဆို
2016.10.02

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်ပေးဖို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အမျိုးသမီး အဖွဲ့အစည်း ၄၀ လောက်က မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က City Park Royal စားသောက်ဆိုင်မှာ ကချင်အမျိုးသမီးများ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စက်တင်ဘာ ၂၈နဲ့ ၂၉ ရက်တို့မှာ ကျင်းပခဲ့ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်းက အမျိုးသမီးအဖွဲ့အစည်း ၄၀ လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲပြီး တဲ့နောက် မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
လက်ရှိ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေ၊ ကျေးရွာတွေအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေ၊ ပေါက်ကွဲတာတွေ ဖြစ်နေတာကြောင့် ကလေးငယ်နဲ့ အရပ်သားတွေ သေဆုံးနေကြရတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံးက မဆိုင်းဇင်က ပြောပါတယ်။
မနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ ပူးဝမ်းကျေးရွာထဲကို လက်နက်ကြီး ကျရောက်တာကြောင့် ကလေး ၂ ဦး ဒဏ်ရာရပြီး ၂ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ဘေးဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေပေးဖို့ အဆင့်ဆင့် ခွင့်ပြုချက် တင်နေရတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း မဆိုင်းဇင် က ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ နှောင့်နှေးကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေး ဖို့လည်း ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။