အာဏာသိမ်းပြီးနောက် အမျိုးသမီး ၂၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရ
2022.12.12

အာဏာသိမ်းမှုကို ဆန့်ကျင်လို့ မတရား ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသမီး ၂၆၃၆ ဦးပါဝင်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၅ ရက် ကနေ ၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက် ညီလာခံအပြီး ဒီဇင်ဘာလ ၁၀ ရက်မှာ အခုလို ထုတ်ပြန်ခဲ့တာပါ။
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေတဲ့ လုပ်ရပ်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူအခွင့်အရေးနဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ပစ်မှတ်ထား ဖိအားပေး၊ ဖမ်းဆီး၊ နှိပ်စက်တာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အမျိုးသမီးတွေအတွက် စိန်ခေါ်မှုနဲ့ ဖိနှိပ်မှုတွေရှိပေမယ့် အာဏာရှင်ဆန့်ကျင်ရေးမှာ ဆက်လက် ပါဝင်နေမယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
အာဏာရှင်စနစ်အမျိုးမျိုး အဆုံးသတ်ရေး၊ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အားလုံး ပပျောက်ရေး၊ ကျား/မ တန်းတူရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး စတဲ့အချက်တွေဟာ အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အတွက် မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သား ၁၃၀၇၄ ဦးဖမ်းဆီးခံထားရပါတယ်။