ဝိုင်းမော် စစ်ကောင်စီတပ်ရင်းဂိတ်ရှေ့မှာ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး

2021.08.14
ဝိုင်းမော် စစ်ကောင်စီတပ်ရင်းဂိတ်ရှေ့မှာ အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရလို့ သေဆုံး ကချင်ပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ဂိတ်အရှေ့မှာ သြဂုတ် ၁၃ ရက် ညနေ ၅ နာရီခွဲ ခန့်မှာ အမျိုးသမီးတစ်ဦးကို ဂိတ်ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်လိုက်ရာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝူယန်ကျေးရွာက အသက် (၃၃) နှစ်အရွယ် ဒေါ်လန်းပြုံးဟာ သူ့အမျိုးသားနဲ့အတူ ဆိုင်ကယ်စီးပြီး ဈေးဝယ်ပြီး ပြန်အလာ ခလရ ၅၈ တပ်ရင်းရဲ့ဂိတ်စခန်းရှေ့အရောက်မှာ ဂိတ်မှာစောင့်နေတဲ့ တပ်သားက သေနတ်နဲ့ပစ် ခတ်လိုက်လို့ သေဆုံးခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီအမျိုးသမီးက သူ့ယောင်္ကျားနဲ့ ဝိုင်းမော်ကနေ အိမ်ကိုပြန်တယ်။ သူ့ယောင်္ကျားက ဆိုင်ကယ် မောင်းတယ်။ အဲဒီအမျိုးသမီးက အနောက်မှာစီးတယ်။ ခလရ ၅၈ က ဂိတ်မှာစောင့်တဲ စစ်သားတွေက သူတို့ကို သေနတ်နဲ့ လှမ်းပစ်တာ။ ပစ်လိုက်တော့ အမျိူးသမီးကိုထိပြီး အမျိုးသမီးက ဆိုင်ကယ်ကနေ ပြုတ်ကျသွားတယ်။ သူ့အမျိုးသားကိုတော့ မထိခဲ့ဘူး“

ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျပြီးလဲသွားချိန်မှာ တပ်ရင်းထဲကနေထွက်လာတဲ့ စစ်သားတွေက အဲဒီ အမျိုးသမီး ကို ဘေးနားကလူတွေ မကိုင်ခိုင်းတော့ဘဲ လူနာတင်ကားကို ခေါ်လိုက်ပါတယ်။ လူနာတင်ကား ရောက်လာပေ မယ့်လည်း ချက်ချင်းလူနာကိုမတင်ခိုင်းဘဲ အတော်ကြာမှ အဲဒီလူနာတင်ကားနဲ့ ဆေးရုံကို ပို့ခိုင်းခဲ့ပေမယ့် လည်း ဆေးရုံကိုပို့တော့ အသက်မရှိတော့ဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

အဲဒီအမျိုးသမီးကို ဘယ်လိုအကြောင်းကြောင့် သေနတ်နဲ့ပစ်ခတ်ခဲ့တယ်ဆိုတာလည်း မသိရဘူးလို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးကို ဒီနေ့သင်္ဂြိုဟ်မှာဖြစ်ပြီး အဲဒီအမျိူးသမီးမှာ သားသမီး နှစ်ယောက် ကျန်ရစ်ခဲ့ တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦးခန့် သေဆုံးခဲ့တယ်လို့ ဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။