အမျိုးသမီးအခွင့်အရေး ကာကွယ်တဲ့ဥပဒေ ပြဌာန်းဖို့ ဒီမောဆို ညီလာခံမှာ တောင်းဆို


2013.06.20

ဝေးလံခေါင်ဖျားတဲ့ဒေသက အမျိုးသမီးတွေ လူနေမှုဘဝဖူလုံဖို့နဲ့ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေတွေပြဌာန်းနိုင်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းတဲ့ ကြေညာချက်တစ်စောင်ကို ကယားပြည်နယ် ဒီမောဆိုမြို့မှာ ဒီကနေ့ကျင်းပပြီးစီးသွားတဲ့ ကရင်နီအမျိုးသမီး အစည်းအရုံး ၂ ရက်ကြာ ညီလာခံကနေ ထုတ်ပြန်လိုက်ပါတယ်။

ဒီညီလာခံမှာ တက်ရောက်လာတဲ့ ဒေသခံအမျိုးသမီးတွေရဲ့ တင်ပြဆွေးနွေးချက်တွေကို အခြေခံပြီး ဒီကြေညာချက်ကို ထုတ်ပြန်ရတာလို့ ကရင်နီအမျိုးသမီးအစည်းအရုံး ဥက္ကဌ ဒေါ်မော်သိုးမြာက RFA ကို ပြောပါတယ်။

"လူမှုရေး၊ စီးပွားရေးတွေကို အပြန်အလှန် ဆွေးနွေးကြတယ်၊ ဒေသအတွင်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေတွေရယ်၊ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေရယ် ဆွေးနွေးကြပါတယ်၊ ကယားပြည်နယ် ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝဖူလုံမှုရရှိရေးအတွက်ရယ်၊ ဒီလူ့အခွင့်အရေးကိစ္စတွေကို ကာကွယ်တားဆီးမှုတွေကို ပြည်နယ်အစိုးရအနေနဲ့ လုပ်ပေးပါ၊ ကျမတို့အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ဥပဒေတွေ ဖြစ်မြောက်လာဖို့အတွက် ပြည်နယ်အစိုးရကို ကျမတို့တိုက်တွန်းထားဖြစ်ပါတယ်"

ဒီညီလာခံကို ကယားပြည်နယ်မှာရှိတဲ့ ဘော်လခဲ၊ လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆိုစတဲ့ ၉ မြို့နယ်က အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့တွေ၊ ဒေသခံအမျိုးသမီးတွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ ကယားပြည်နယ်တွင်းမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ ရပိုင်ခွင့်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။