မြန်မာနိုင်ငံခရီးစဉ်အကြောင်း WLB အဖွဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ရဲ့ ပြည်တွင်း ခရီးစဉ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်က ရွှေရသာ စားသောက်ဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သတင်းစာရှင်းလင်းပွဲ Photo : RFA

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က (၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းခရီးစဉ်အနေနဲ့ တစ်ပတ်ကြာ ရန်ကုန်မြို့ကို လာရောက်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပြည်တွင်းမှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ အခြေအနေတွေနဲ့ နယ်စပ်ဒေသအနီးအနားက တခြားအိမ်နီးချင်းနိုင်ငံတွေမှာ ရပ်တည်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ အခြေအနေတွေကိုလည်း ဒီကနေ့ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံကို လာရောက်လေ့လာတာဟာ ယာယီသာဖြစ်ပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ဟာ ပြည်တွင်းမှာ တရားဝင်ရပ်တည်ဖို့ အစီအစဉ်မရှိဘူးလို့ အဲဒီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက RFA ကို ပြောပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ ပြည်တွင်းခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ၊ အမျိုးသမီးလွှတ်တော်အမတ်တွေ၊ အမျိုးသမီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့အစည်းအသီးသီး၊ ပါတီအသီးသီးနဲ့ တေ့ွဆုံစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီလမ်းစအခြေအနေတွေကို သုံးသပ်ဆွေးနွေးခဲ့တဲ့အပြင်၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နယ်စပ်အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ကို ၁၉၉၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသမီးအရေးကို အခြေခံလုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၂ခုက ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org