အမျိုးသားရေး ကျောင်း ဆောက်လုပ်ခွင့် မချပေးတာ ဦးဝီရသူ ပြစ်တင်
2018.11.25

ဝီရသူ ဖောင်ဒေးရှင်းက ဦးဆောင်တည်ဆောက်နေတဲ့ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ခွင့်ကို ဒေသအာဏာပိုင်တွေက အခုချိန်ထိ မချပေးတာဟာ တရားမျှတမှုမရှိဘူးလို့ ဦးဝီရသူက ဒီနေ့ မိန့်လိုက်ပါတယ်။
ကျောင်းတည်ဆောက်မယ့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ဒီနေ့မနက်က သတင်းစာရှင်းလင်းပွဲမှာ မိန့်ခဲ့တာဖြစ်ပါတယ်။
အဲဒီကျောင်း ဆောက်လုပ်ခွင့်ရရှိဖို့ ခွင့်ပြုမိန့်တင်ထားတာ တစ်နှစ်ကျော်ကြာနေပြီလို့ သိရပါတယ်။
အလားတူ အထက်တန်းကျောင်းတွေကို ရန်ကုန်နဲ့ တောင်ကုတ်မှာ ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပြီး ကျောင်းချောကျေးရွာမှာ ၉ တန်း၊ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ လောက်ကို ကျူရှင်အနေနဲ့ သင်ကြားပေးနေတာ တစ်နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။ အဲဒီလိုသင်ကြားရာကနေ လေးထပ်ဆောင် အဆောက်အဦး ဆောက်လုပ်ပြီး တရားဝင်အထက်တန်းကျောင်း ဆောက်လုပ်ခွင့် တင်တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။