ဦးဝီရသူကို ပြည်သူတွေပါ ဖမ်းဆီးခွင့်ရှိတဲ့ ဝရမ်းပြောင်းလဲထုတ်လိုက်
2019.06.04

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဦးဝီရသူကို ဘယ်နေရာမှာဖြစ်ဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပြင် တာဝန်သိပြည်သူတွေပါ ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို အပ်နှံခွင့်ရှိတဲ့ ရာဇဝတ်အထွေထွေအမှုနဲ့ ပြောင်းလဲပြီး ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
အရင်က ရဲတပ်ဖွဲ့ဝင်တွေသာ ဖမ်းဆီးခွင့်ရှိတဲ့ ဖမ်းဝရမ်းကို ထုတ်ထားတာဖြစ်ဖြစ်ပြီး ဝရမ်းထုတ်ထားတဲ့အချိန် ဒီနေ့မှာ ပြည့်သွားပြီဖြစ်တာကြောင့် တာဝန်သိပြည်သူတွေပါ ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
ဆရာတော် ဦးဝီရသူကို အမှုဖွင့်ထားတဲ့ ရုံးချိန်းကို ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပြီး အဲ့ဒီနေ့ မတိုင်ခင် ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
ဆရာတော် ဦးဝီရသူဟာ လက်ရှိအချိန်မှာ ကရင်ပြည်နယ်မှာရှိနေကြောင်းနဲ့ သံဃမဟာနာယက က ဆုံးမ သြဝါဒပေးဖို့ အကြောင်းကြားတဲ့အခါ ပြန်လာမှာဖြစ်ကြောင်း ဆရာတော်နဲ့ နီးစပ်သူ အရှင်အရိယာဝံသက RFA ကို မိန့်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဦးဝီရသူဟာ ရန်ကုန်ကို ရောက်ရှိနေကြောင်း အမျိုးသားရေးတက်ကြွသူတွေကို ပြောကြသလို မန္တလေး မှာရှိကြောင်းလည်း တချို့က ပြောနေကြပါတယ်။ RFA က ကရင်ပြည်နယ် ဝန်ကြီးချုပ်ထံ ဆက်သွယ်ချိန်မှာ အစည်းအဝေးရှိနေကြောင်း သိရပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း ဦးဝီရသူ ကရင်ပြည်နယ်မှာ ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
ဦးဝီရသူ ကရင်ပြည်နယ်မှာ ရှိမရှိ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဦးဝီရသူကို ဆုံးမသြဝါဒပေးဖို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က ရန်ကုန်တိုင်း သံဃမဟာနာယက က ခေါ်ထားပေမယ့် အခြေအနေအရ ဆိုင်းငံ့ထားခဲ့တာပါ။
ဦးဝီရသူဟာ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂ဝဝ၈ အခြေခံ ဥပဒေထောက်ခံပွဲတွေမှာ ဟောပြောခဲ့တဲ့ ဟောပြောချက်တွေကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ - (က) နဲ့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။