စီးပွားရေးလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းနုကို အ.ပ.က ပုဒ်မ ၃ နဲ့ စွဲချက်တင်


2018.08.30
ygn-east-court-622.jpg ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးကို တွေ့ရစဉ်
Photo: RFA

၁၉၉၃ ခုနှစ်က မန္တလေးဘီယာစက်ရုံကို စစ်အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့တဲ့ “မြန်မာရောင်ခြည်ဦး” ကုမ္ပဏီပိုင်ရှင် ဒေါ်ဝင်းဝင်းနုကို “အများနဲ့ဆိုင်သော ပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ- အ.ပ.က ပုဒ်မ (၃) နဲ့ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

ဒေါ်ဝင်းဝင်းနုရဲ့ မိသားစုဝင်တဦးဖြစ်ပြီး အလုပ်အတူတူ လုပ်ကိုင်ခဲ့တဲ့ ဦးကျော်လင်းက အခုလို ပြောပါတယ်။

"ဒီကနေ့မှာ သူ့ကို အမှု ၃ မှုနဲ့ စွဲထားတယ်လေ၊ အပက ၃ နဲ့ အဲဒီ ၃ မှုစလုံးကို စွဲချက်တင်လိုက်တယ်လေ၊ တရားသူကြီးက ပြစ်မှုမြောက်တယ်လို့ ယူဆပြီးတော့ စွဲချက်တင်လိုက်တယ်"

အဲဒီလို စွဲချက်တင်လိုက်တဲ့အတွက် ဒေါ်ဝင်းဝင်းနုဟာ အာမ,ခံမရတဲ့အပြင် ထောင်ဒဏ် ၁ဝ နှစ်၊ ဒါမှမဟုတ် တစ်သက်တစ်ကျွန်းအထိ ကျခံရမယ့်ကိန်း ရှိနေပါတယ်။

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းနုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက စင်္ကာပူကနေ ပြန်အရောက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး လက်ရှိမှာ ကျန်းမာရေး မကောင်းဘူးလို့ ဦးကျော်လင်းက ပြောပါတယ်။

မန္တလေးဘီယာစက်ရုံလည်ပတ်စဉ် ၁၉၉၄ ခုနှစ်နဲ့ ၁၉၉၈ ခုနှစ်အတွင်းက လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနကနေ ဘီယာချက်ဖို့ သကြားတွေ ဝယ်ယူရာမှာ ဈေးနှုန်းကို မမှန်မကန် တင်ပြခဲ့တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) က ဖမ်းဆီးခဲ့တာလို့ ကနဦး သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီအမှုအတွက် တရားလိုပြသက်သေ ၁ဝ ဦးနီးပါးကို စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

မန္တလေးဘီယာစက်ရုံကို အမှတ် (၁) စက်မှုဝန်ကြီးဌာနနဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး၊ ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့မှာ ဝန်ကြီးဦးအောင်သောင်းရဲ့ အမိန့်နဲ့ အစိုးရက ပြန်ပြီးသိမ်းယူခဲ့ပါတယ်။

အမှုကို လာမယ့် စက်တင်ဘာလ ၆ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး တရားခံပြသက်သေတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။